MNP ၊ ဧပြီ ၁
အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN+3 Finance and Central Bank Deputies’ Meeting - AFCDM+3) အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲ တွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။
ပထမဦးစွာ ဒေသတွင်း မေခရိုစီးပွားရေးအလားအလာ (Regional Economic Outlook) နှင့်စပ်လျဉ်း၍ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (AMRO) မှ “ASEAN +3 Growth Strategic in the Pandemic’s Wake” ခေါင်းစဉ်ဖြင့် တင်ပြခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မူဝါဒတုန့်ပြန်ဆောင်ရွက်ချက်များအဖြစ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ငွေကြေးလုံလောက်မှု ရှိစေရန်၊ ချေးငွေရရှိမှုအဆင်ပြေချောမွေ့စေရန်နှင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စေရန်အတွက် အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူခြင်း၊ သီးသန့်ငွေလိုအပ်ချက်အချိုး လျှော့ချပေးခြင်းနှင့် အတိုးနှုန်းလျှော့ချပေးခြင်းစသည့် ငွေကြေးမူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ နှင့်အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဗဟိုဘဏ်အတိုးနှုန်းကို စုစုပေါင်း(၃) ကြိမ် ၃ ရာခိုင်နှုန်းလျှော့ချ သတ်မှတ်ပေးခဲ့ပါကြောင်း၊ ဘဏ်များ၏ Credit Risk Management ကို ထိန်းကျောင်းရန် ချေးငွေများကို Restructure and Reschedule ဆောင်ရွက်ခွင့်ပြုထားပြီး ယင်းချေးငွေများနှင့် ပတ်သက်၍ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စီးပွားရေးတိုးတက်မှု အထောက်အကူပြုရန် ငွေကြေးအရင်းအမြစ်များကို ပြည်တွင်းဘဏ်အချင်းချင်း ဈေးကွက် (Interbank Market) မှတစ်ဆင့် ဆောင်ရွက်ရန် အားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်ခွဲများကို ဘဏ်အချင်းချင်းချေးငွေဖလှယ်ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခဲ့ပါကြောင်း၊ ကုန်သွယ်ရေးကဏ္ဍတွင် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ လက်ရှိကမ္ဘာ့ငွေရေး ကြေးရေးအခြေအနေတွင် အထူးသဖြင့် လောင်စာဆီဈေးနှုန်း မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခုနှစ်ကုန်အထိ ပျော့ပြောင်းသော ငွေကြေးမူဝါဒ (Easing Monetary Policy)ကို ဆက်လက်ကျင့်သုံးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အာဆီယံ+၃ ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ် သည့် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (AMRO) ၏ ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းအစီ အစဉ်၊ ဘတ်ဂျက်နှင့် ဝန်ထမ်းခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာလလတ်အကောင်အထည်ဖော်မှု အစီအစဉ် (၂၀၂၂-၂၀၂၆) နှင့် AMRO ၏စီမံခန့်ခွဲမှုအဆင့် ရာထူးရွေးချယ်မှု အစီအစဉ်နှင့် AMRO Director ၏ ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အကဲဖြတ်အချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။ ထို့အပြင် ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (CMIM) အကောင်အထည်ဖော် မှုနှင့်စပ်လျဉ်း၍ ပြည်တွင်းသုံး ငွေကြေးထည့်ဝင်မှု၊ မာဂျင်သတ်မှတ်မှုဆိုင်ရာလမ်းညွှန်ချက်များ၊ (၁၃)ကြိမ်မြောက် အစမ်းလေ့ကျင့်မှု အတွက် လုပ်ငန်းအစီအစဉ်၊ အာဆီယံ+၃ အနာဂတ်ဦးစားပေး အစီအစဉ်များနှင့် အာရှငွေချေးစာချုပ် ဈေးကွက်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment