MNP - ဧပြီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါစီမံကိန်းကျေးရွာရွေးချယ်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက စီမံကိန်းကျေးရွာအဖြစ် ရွေးချယ်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာ သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ၊ ပေါက်ပင်သာကျေးရွာ၊ သပြေကုန်းကျေးရွာအုပ်စု၊ ကွမ်းတော ကျေးရွာ၊ မကျီးပင်ကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ၊ သစ်ဆိန်ပင်ကျေးရွာအုပ်စု၊ ကြာပင်အင်း ကျေးရွာနှင့် (အရန်ကျေးရွာ)ဖြစ် ဗျိုင်းအင်းကျေးရွာအုပ်စု၊ ကန်သာကျေးရွာ၊ ထန်းတောကြီးကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတို့ကို စီမံကိန်းကျေးရွာဖြစ် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ၂၀၁၄ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ (၂၇)ယူနစ်၊ (၂၉)ရွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - တင်စိုးလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment