Pages

Pages

တာမွေမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ရေကစားမဏ္ဍပ်များ၊ အတာ ရေဆော့ကစားကြသူ ပြည်သူများဖြင့်စည်ကား




MNP - ဧပြီ   ၁၆

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ယနေ့ နံနက်ပိုင်း အချိန်မှစတင်ကာ မြို့နယ်အတာရေသဘင် ရေကစားမဏ္ဍပ်နှင့် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ရေပက်ခံကားများ၊ အတာရေ ဆော့ကစားသူများ၊ စတုဒိသာအလှူများဖြင့် ယခင်နေ့ များထက် အထူးပင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

 “အလုပ်က အကိုတွေနဲ့ ဒီသင်္ကြန်လေးရက်မှာ နေ့တိုင်းလိုလို လျှောက်လည်ဖြစ်ပါတယ်။ မနက်က ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲခဲ့ပြီး အခုဒီတာမွေဘက်ကို လျှောက်လည်ဖြစ်တာပါ။ ပြီးရင် အင်းလျားကန်ဘောင်ဘက် လျှောက်လည်အုန်းမှာပါ။ အရမ်းကို ပျော်ဖို့ကောင်းပါတယ်။ အခြားသော အိမ်တွင်းပုန်းနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေ အနေနဲ့လည်း တစ်နှစ်မှာတစ်ခါ ဆင်နွှဲခွင့်ရတဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ ကျွန်တော်တို့နဲ့အတူ ပါဝင် ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ရပါတယ်” ဟု အလုံမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ယခင်နှစ်များက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အပါအဝင် မြန်မာ နိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေမှုကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ၂၀၂၀ ခုနှစ်မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်း မရှိပေမဲ့ ယခုနှစ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အတာရေသဘင် ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒိသာအလှူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယနေ့ မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် ယခင်နေ့များထက် အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲကြသူ ပြည်သူများ အထူးပင် များပြားလာကြောင်း သတင်းရရှိသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment