Pages

Pages

ပခုက္ကူတက္ကသိုလ်၌ အိုင်စီတီနှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

MNP - ဧပြီ   ၂၈

အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) မှကြီးမှူးသော “International Girls in ICT Day” အထိမ်းအမှတ်လှုပ်ရှားမှုကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ အိုင်စီတီနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသော ဒီဂျစ်တယ်နည်းပညာများကြောင့် လူမှုစီးပွားဘဝများအပေါ် များစွာ အကျိုးသက်ရောက်မှုရှိလာကြောင်း၊ အိုင်စီတီကဏ္ဍများအတွက် နည်းပညာနှင့်ကျွမ်းကျင်မှု သင်တန်းများ ပံ့ပိုးပေးရေး၊ သိပ္ပံ၊နည်းပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာဘာသာရပ် (STEM) များတွင် အမျိုးသမီးငယ်များ တက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်လာစေရေးတို့အတွက် နှစ်စဉ်ဧပြီလ၏စတုတ္ထမြောက် (ကြာသပတေးနေ့) ကို “International Girls in ICT Day” အဖြစ် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) က သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်များတွင် အထိမ်းအမှတ်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြင့်မိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဌာနများမှ ဆရာမ (၈) ဦးတို့က နေ့စဉ်လူ့ဘောင်ဘဝတွင် အိုင်စီတီနည်းပညာ၏ အရေးကြီးလာမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ အိုင်စီတီနည်းပညာကဏ္ဍများတွင် အမျိုးသမီးငယ်များ၏ ပါဝင်စွမ်းဆောင်နိုင်မှုများနှင့် အကျိုးရလဒ်များ၊ ဒီဂျစ်တယ်နည်းပညာနှင့် ပတ်သက်၍ လုံခြုံစိတ်ချရသော လူမှုကွန်ယက်ကောင်းတစ်ခု ဖန်တီးနိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန် အချက်များကို အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပခုက္ကူတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွဏ်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ဆရာမများအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့် ကြကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment