MNP ၊ ဧပြီ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူစည်ကားရာ မအီမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်း၌ ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ စီစဉ်ဆောင်ရွက်နှိုးဆော်မှုဖြင့် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက်ပြည်သူများကို Mobile Team ဖြင့်ကွင်းဆင်းထိုးနှံဆောင်ရွက်ပေခဲ့ရာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှမထိုးနှံရသေးသည့်ပြည်သူ(၆၆)ဦးကို ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်လျက်ရှိပြီး ဧပြီလ(၁၂)ရက်နေ့မတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ဤသို့ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ကျေးရွာများအရောက် ကွင်းဆင်း၍ ဧပြီလကုန်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဤသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခြင်းကို ယမန်နေ့များက မအီမြို့ပေါ် ရပ်ကွက်များသို့ စုရပ်များထားရှိ၍ ကွင်းဆင်းထိုးနှံဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း ကျန်းမာရေးမှူးဦးလှဝင်းက သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ ဝေးလံခေါင်ဖျားဒေသများတွင်နေထိုင်သည့် မိဘပြည်သူများအပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ် အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသား များအပါအဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးမထိုးနှံရသေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေးကို အလေးထား၍တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost





No comments:
Post a Comment