MNP ၊ ဧပြီ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေး ဆေးထိုးရန် အကျုံးဝင်သူအားလုံးအား ၂၀၂၂-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီးရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကျေးရွာများသို့ Mobile အဖွဲ့ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ Mobile Teamဖြင့် ကွင်းဆင်း၍ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက် ပေးရာတွင် ကျေးလက်ဒေသရှိ ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သည့် မိဘပြည်သူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ် အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသားများအပါအဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့်တင် အလေးထား ဆောင်ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ကျေးရွာများအရောက် ကွင်းဆင်း၍ ဧပြီလကုန်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင်ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဧပြီလ(၈)ရက်နေ့၌ ရဟိုင်ကွင်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ကုလားပြင်ကျေးရွာတို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူ(၂၁၈)ဦးမှ စုရပ်နေရာများသို့ လာရောက်ကာ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment