MNP ၊ ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ကတ်ပြားရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စဉ့်ကူးမြို့နယ် ပင်လယ်ကြီးစုပေါင်းစစ်ဆေးရေးဂိတ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကန်တောင်ကျေးရွာနှင့် ရတနာသိင်္ခ (ဧရာ၀တီမြစ်ကူးတံတား)ထိပ် နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ညနေ ၆ နာရီအချိန်ထိ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ကျေးရွာများအရောက် ကွင်းဆင်း၍ ဧပြီလကုန်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သည့် မိဘပြည်သူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ် အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသားများအပါအဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့်တင် အလေးထား ဆောင်ရွက်လျက်ရှိပါ၍ ကာကွယ်ဆေးမထိုးနှံရသေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေးကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost





No comments:
Post a Comment