မြန်မာ - Republic of the Tatarstan စီးပွားရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - Republic of the Tatarstan စီးပွားရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ



MNP ၊ ဧပြီ ၂၈

မြန်မာနိုင်ငံနှင့် Republic of the Tatarstan တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Republic of the Tatarstan သမ္မတ H.E. Mr. Rustam Nurgaliyevich Minnikhanov နှင့် ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ PARKROYAL Hotel ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်ဖက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများအပေါ် ဆက်လက်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် Republic of the Tatarstan တို့အကြား နှစ်ဖက်အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်းများပါဝင်သော စကားဝိုင်းဆွေးနွေးပွဲ (Roundtable Talks between Myanmar and Tatarstan Business Circles) ကို ဆက်လက်ကျင်းပရာ Republic of the Tatarstan သမ္မတနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ ဦးဆောင်တက်ရောက်ကြသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်အလွန်ကာလ ဦးစားပေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ထားရှိမှုများ၊ မြန်မာ-တာတာစတန်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်နိုင်မည့် အလားအလာများနှင့် စပ်လျဉ်းပြီး အလေးထား ပြောကြားခဲ့သည်။

ဆက်လက်၍ Republic of the Tatarstan သမ္မတ H.E. Mr. Rustam Nurgaliyevich Minnikhanov က နှစ်ဖက်စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်သော နယ်ပယ်အသစ်များမှ တစ်ဆင့်အကျိုးတူ ဖက်စပ်စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ် ထုတ်လုပ်မှုအပါအဝင် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အပြန်အလှန် အလုပ်သဘောခရီးစဉ်များ ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ပညာသင်များအား တာတာစတန်၏မြို့တော် ကာဇန်ရှိ အဆင့်မြင့်တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV က ဆွေးနွေးပွဲမှတစ်ဆင့် နှစ်ဖက်ချစ်ကြည် ရင်းနှီးမှုနှင့်အတူ စီးပွားရေးနယ်ပယ် အသီးအသီးတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးအတွက် သံရုံးအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် Republic of the Tatarstan ၏ ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ H.E. Mr. Karimov Albert Anvarovich က မြန်မာနိုင်ငံနှင့် တာတာစတန်တို့အကြား အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ဆွေးနွေးတင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာ ထုတ်လုပ်ရေး၊ ဆန်နှင့် ပဲမျိုးစုံ အဆင့်မြှင့်တင်ပို့ထုတ်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

နှစ်ဖက်ရှင်းလင်းတင်ပြမှုအပြီးတွင် မြန်မာ့ဆန်နှင့် လယ်ယာထွက်ကုန်များတင်ပို့မှုနှင့် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းများ တင်သွင်းမှုတို့အတွက် ရည်ရွယ်သည့် စာလွှာ (Letter of Intent-LOI) နှစ်စောင်ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ်နှင့် Republic of the Tatarstan ဘက်မှ JSC “RATSIN” တို့က လက်မှတ်ရေးထိုး လဲလှယ်သည်။ အဆိုပါ LOI နှစ်စောင်ကို လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ တင်ပို့နိုင်မည့်အခွင့်အလမ်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအတွက် လိုအပ်သော အရည်အသွေးမှီ ဓာတ်မြေသြဇာများကို တင်သွင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်မည်ဖြစ်သည်။

ဆက်လက်ပြီး Republic of the Tatarstan ဘက်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှုအစီအစဉ် (Networking Session) ကို ပြုလုပ်ခဲ့ပြီး နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအကြား ဆက်လက်ပူး‌ပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မြန်မာ - Republic of the Tatarstan စီးပွားရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ Republic of the Tatarstan စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ မြန်မာဘက်မှ သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-ရုရှား စီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၇၀) ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)