MNP ၊ မေ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၇ ရက်နေ့ ညနေပိုင်းက စတင်ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးသန်းဌေးက မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ယူမည့် တောင်သူများအား ချေးငွေစာချုပ်ပါစည်းကမ်းချက်များနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှချေးယူငွေများအား သတ်မှတ်ကာလအတွင်း အပြေအကျေ ပြန်လည်ပေးဆပ်ကြရေး တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်လည်ပေးဆပ်မှုအားကောင်းသော သရက်ကင်းမနုကျေးရွာအုပ်စုမှ တောင်သူ ( ၁၂)ဦးတို့၏ စိုက်ပျိုးဧက( ၁၇ )ဧကအတွက် တစ်ဧကလျင်( ၁၅၀၀၀၀) ကျပ်နှုန်းဖြင့် ချေးငွေပေါင်းငွေကျပ်( ၂၅၅၀၀၀၀ )အား စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာအုပ်စု(၃၅)အုပ်စုမှ တောင်သူ ( ၁၈၉၀) ဦး၏ လယ်ဧကပေါင်း( ၇၇၄၄ ) ဧကကို တစ်ဧကလျင် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်( ၁၁၆၁၆) သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း၊ အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ ချေးငွေပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်ပါက ကျသင့်သော အတိုးအပြင် ကျော်လွန်သောကာလအတွက် ငွေကျပ် တစ်ရာလျင် တစ်လ (၅၀ ပြား) နှုန်းဖြင့် ဒဏ်တိုး ပေးဆောင်ရမည်ဖြစ်ပြီး အချိန်စေ့လွန် ကြွေးကျန်မရှိသော တောင်သူများကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သောတောင်သူများကို လက်ခံခြင်းအား တပြိုင်တည်းလက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ(၇)အထောက်အထားနှင့် တစ်ဦးချင်း အာမခံစနစ်ဖြင့် စိုက်ပျိုးချိန်အမှီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးသန်းဌေးကပြောသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment