ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကျောင်းသန့်ရှင်းသာယာရေး ဆောင်ရွက်မှုနှင့် ၂၀၂၂-မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကျောင်းသန့်ရှင်းသာယာရေး ဆောင်ရွက်မှုနှင့် ၂၀၂၂-မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ ကြည့်ရှုအားပေး

 



MNP - မေ  ၂၉


ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းအတွင်းရှိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်း က ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေးသည်။


ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေး၊ စည်ပင်သာယာရေးအဖွဲ့  ဝန်ထမ်းများက ကျောင်းဝန်းအတွင်းရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးရှိ နွယ်ဆွရေမြောင်းအတွင်းရှိ အမှိုက်များ ရှင်းလင်းခြင်းတို့ကို  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။


ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလူထုလှုပ်ရှားမှုအဖြစ် ၂၀၂၂ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဟားခါးတက္ကသိုလ်ဝင်းအတွင်း ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုမျှတ ကောင်းမွန်လာစေရန်၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေထုညစ်ညမ်းခြင်း စသည်များကို ကာကွယ်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို ပိုမိုတန်ဖိုးထား ချစ်ခင်မြတ်နိုးလာစေရန်တို့အတွက် ရည်ရွယ်ပြီး ယခုလို မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း၊ “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း”ဆိုသည့်အတိုင်း သစ်တော၊ သစ်ပင်များ ထာဝစဉ်ရှင်သန် တည်မြဲစေရန်နှင့် သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးကို သားစဉ်မြေးဆက် ခံစားစေရန်အတွက် အမျိုးသားတာဝန် တစ်ရပ်အနေဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်စိုက်ပျိုးပြုစုထိန်းသိမ်းကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကား ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပျိုးပင်များကို ပေးအပ်ရာ ဟားခါးတက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် စစ်ဗျူဟာမှူးတို့က သတ်မှတ်နေရာများတွင် တောင်ဇလပ်နီ၊ တောင်ဇလပ်ဖြူ၊ ရှားနက်၊ ဒေသချယ်ရီ၊ ခါတော်မှီ၊ ရေသင်းဝင်နှင့် စိန်ပန်းပင်များကို စတင်စိုက်ပျိုးပေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၏သစ်ပင်စိုက်ပျိုးနေမှု များကို လှည့်လည်ကြည့်ရှုအားပေးကာ သစ်ပင်စိုက်ပွဲ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။


ယနေ့ကျင်းပသည့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် ချယ်ရီ (၇၂၅) ပင်၊ စိန်ပန်းပြာ (၉၀) ပင်၊ ရှားနက် (၃၉) ပင်၊ ရေသင်းဝင် (၄၆) ပင်၊ ခါတော်မှီ (၂၉) ပင်၊ တောင်ဇလပ်နီ (၆၆)ပင်၊ တောင်ဇလပ်ပြာ (၅) ပင် စုစုပေါင်း (၁၀၀၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)