MNP - မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေ ၊ သစ်တောမြေ ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည် နှင့် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ခင်ဇော်မြင့်တို့မှ အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ပြင်ဦးလွင်မြို့သည် အပန်းဖြေမြို့၊ ခရီးသွားမြို့ဖြစ်သည့်အားလျော်စွာ နိုင်ငံတော်မှ Green City , Clean City အဖြစ် စီမံဆောင်ရွက်လျက်ရှိပြီး မြို့သန့်ရှင်းသာယာ လှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် Town Plan ရေးဆွဲခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ခြင်း၊ ဒေသဝမ်းစာ ဖူလုံရေးနှင့် သဘာဝဂေဟစနစ်များ ပျက်စီးမှု မရှိစေရေး၊စိုက်ပျိုးမြေများနှင့် သစ်တောမြေများ ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment