ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရာတွင် ဆင်းရဲ၊ ချမ်းသာ အဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှထား၍ စေတနာအပြည့်ဖြင့် လေ့ကျင့်သင်ကြားပေး စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရာတွင် ဆင်းရဲ၊ ချမ်းသာ အဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှထား၍ စေတနာအပြည့်ဖြင့် လေ့ကျင့်သင်ကြားပေး စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပြောကြား



MNP ၊ မေ ၁၁

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူပညာ ရေးဒီဂရီကောလိပ်သို့ ရောက်ရှိကြပြီး စာသင်ဆောင်၊ အိပ်ဆောင်၊ ကျောင်းမြေနေရာနှင့် ဆက်လက်တိုးချဲ့ ဆောက်လုပ်နိုင်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ပညာတန်ဆောင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ B.Ed ပညာရေးဘွဲ့ ပထမနှစ် စာပေးစာယူသင်တန်း တက်ရောက်နေသည့် သင်တန်းသား သင်တန်းသူနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားသင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြ စေလိုကြောင်း၊ ကျောင်းသားကျောင်းသူများကို ပြန်လည် သင်ကြား ပို့ချရာတွင်လည်း အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးကြရန်လိုကြောင်း၊  ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးရေးအတွက် သင်ကြားသင်ယူမှု ပညာရေး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရာတွင် ဆင်းရဲ၊ ချမ်းသာ အဆင့်အတန်း ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှထား၍ စေတနာအပြည့်ဖြင့် လေ့ကျင့်သင်ကြားပေး စေလိုကြောင်း၊  ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆရာ၊ ဆရာမများ၊ ပညာရေးမိသားစုများ ပူးပေါင်းကာ ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ များစွာလိုကြောင်း၊ ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို နိုင်ငံအတွက် အားထားရမည့်သူများဖြစ်အောင်  ပြုစုပျိုးထောင် မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဖွင့်အမီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် အဆိုပါကျောင်းအတွင်း ပွဲကြည့်စင်၊ ပြေးလမ်းများ ပါရှိသော ကျောင်းဘောလုံးကွင်း တည်ဆောက်နိုင်ရေးအတွက် မြေနေရာများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ကုလားဘာတောင်(မြို့)၊ အခြေခံပညာအလယ်တန်းကျောင်း (ငလပွေ့ရပ်ကွက်) သို့ သွားရောက်၍ ဇွန်လကျောင်းဖွင့်ရက်အမီ ကျောင်းများတွင် ပြင်ဆင်ထားရှိမှု၊ သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်းတွင် သင်ကြား သင်ယူနေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့ စန္ဒာလင်္ကာ ရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝရသာမိအား သွားရောက်ဖူးမြော်ကာ သင်္ကန်းနှင့် လှူဒါန်းဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)