MNP - မေ ၁
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့လုံးကျွတ်သန့်ရှင်းရေးလုပ်ငန်းအား ယမန်နေ့ နံနက်(၉:၀၀)နာရီမှ စတင်ပြီး တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ရာ အမှုဆောင်အရာရှိ ဦးစိုင်းရန်နိုင်ဦးက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် လောက်ကိုင်တပ်နယ်နှင့် လမ်းမကြီးတစ်လျှောက်တွင် လည်းကောင်း၊ ပြည်ထောင်စုလမ်း ငြိမ်းချမ်းရေးပန်းခြံ ဦးစီးမီးပွိုင့်မှ ဘုံခုနစ်ဆင့်အထိ လည်းကောင်း၊ ကျင်းရွှေထန်လမ်းမှ ဒကစ သွားသည့်လမ်းအဝိုင်းအထိ လည်းကောင်း၊ နားပန်ရွာအဝင် ကွန်ကရစ်လမ်းမှ နားပန်တံတားအထိ လည်းကောင်း၊ မီးသတ်ကား၊ ရေကားများဖြင့် ရေများပက်ဖျန်း၍ သန့်ရှင်းရေးများပြုလုပ်ကာ အမှိုက်များကောက်ယူခြင်း၊ တံမြက်စည်းလှည်းခြင်း၊ ပေါင်းပင်များနုတ်ယူခြင်းတို့အား ဆောင်ရွက်ခဲ့သည်။ အလားတူ အနော်ရထာအဝိုင်းနှင့် ဘုံခုနစ်ဆင့် အနီးရှိ လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ ရေမြောင်းများအတွင်း ပိတ်ဆို့နေသည့် အညစ်အကြေး များအား စက်ယန္တရားများ အသုံးပြုကာ တူးဖော်ဆယ်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - စည်သူမောင်မောင်
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment