မြို့နယ်ပညာရေးမှူးရုံးဆောင်သစ်၊ ဝန်ထမ်းအိမ်ရာနှင့် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်ပညာရေးမှူးရုံးဆောင်သစ်၊ ဝန်ထမ်းအိမ်ရာနှင့် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ




MNP  - မေ   ၂


ဘားအံမြို့နယ်ပညာရေးမှူးရုံး၊ ရုံးဆောင်သစ်နှင့် ဝန်ထမ်းအိမ်ရာ(၂)ထပ်ဆောင်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ တန်းမြင့်ကျောင်းလမ်းရှိ အဆိုပါပညာရေးမှူးရုံး၌ ကျင်းပသည်။


အဆိုပါအဆောက်အဦများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘားအံမြို့နယ်ခေတ္တပညာရေးမှူးဦးဌေးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားသည်။


ယနေ့ဖွင့်လှစ်သည့် မြို့နယ်ပညာရေးမှူးရုံးသစ်ကို ထူးမြတ်ဂုဏ်ကုမ္ပဏီလီမိတက်မှ ပြည်ထောင်စုရန်ပုံငွေ ၁၅၄ ဒသမ ၄၄ သန်းဖြင့် ၁၀၀ ပေ x ၃၀ ပေ RC (၂)ထပ် အဆောက်အဦကို ဆောက်လုပ်ပြီးစီးခဲ့ပြီး ဝန်ထမ်းအိမ်ရာ(၂)ထပ်ဆောင်ကို သမိန်ဗရမ်းကုမ္ပဏီမှ ပြည်ထောင်စုရန်ပုံငွေကျပ် ၉၆ ဒသမ ၇၁၄ သန်းဖြင့် ပေ၆၀ x ပေ၃၀ RCC (၂)ထပ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။


ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်သစ် မြဧရာဆောင်ဖွင့်ပွဲကိုဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅၄ ဒသမ ၄၄၀ သန်းဖြင့် RCC (၂)ထပ် အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနားကို နံနက် ၁၁ နာရီခွဲခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံကြမည်ဖြစ်ကြောင်း၊ ကလေးများ၏ကိုယ်ကျင့်တရား၊ စည်းကမ်း၊ တွေးခေါ်မြော်မြင်မှု၊ တီထွင်ဖန်တီးမှု၊ ဆင်ခြင်တုံတရားနှင့်ဉာဏ်ပညာတို့ကို အခြေခံပညာရေးစနစ်ဖြင့် အုတ်မြစ်ချပေးရခြင်းဖြစ်ကြောင်း၊ ကလေးများငယ်စဉ်ဘဝမှစပြီး အလေ့အကျင့်ကောင်းများရရှိစေရေးအတွက်မိဘများက အသက်အရွယ်အလိုက် ပညာသင်ကြားပေးရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးက ကျောင်းအပ်နှံရေးဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးက လက်ခံရယူသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မူလတန်းဆင့်ကျောင်းနေအရွယ်ကလေးများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေပေးကြသော ကျောင်းသား၊ ကျောင်းသူ များအားဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ အဆိုပါကျောင်းတွင် ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)