ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေကွက်များရယူထားမှုအပေါ် NUG အကြမ်းဖက်အဖွဲ့၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသောအမှု လေးမှုအတွက် စွဲချက်တင်လိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေကွက်များရယူထားမှုအပေါ် NUG အကြမ်းဖက်အဖွဲ့၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသောအမှု လေးမှုအတွက် စွဲချက်တင်လိုက်ပြီ



MNP ၊ မေ ၂၅

နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် မြေကွက်များရယူမှုအပေါ် NUG အကြမ်းဖက်အဖွဲ့၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုများ နှင့် ရန်ကုန်မြို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်မြေနေရာ ရယူမှုအပေါ် တရားစွဲဆိုထားသည့် အမှုတို့နှင့်ပတ်သက်၍ ယမန်နေ့က စွဲချက်တင်အမိန့်ချလိုက်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် NUG အကြမ်းဖက်အဖွဲ့က အတိုင်ပင်ခံအဖြစ် သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နှင့် နေပြည်တော်တွင် ရယူထားသည့် မြေနေရာများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုလေးမှုအား တရားရုံးမှ ယင်းရုံးချိန်းတွင် စွဲချက်တင်လိုက်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားလိုဖြစ်သူ အဂတိလိုက်မှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးရဲထက် အပါအဝင် ဦးစိုးနိုင်၊ ဦးနေမျိုးအောင်နှင့် ဦးမျိုးအောင်တို့ကို ပြန်ခေါ်သက်သေအဖြစ် တင်သွင်းထားကြောင်း၊ အမှုများအား မေ ၃၁ ရက်တွင် စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားကြောင်း သိရသည်။

စွဲချက်တင်လိုက်သည့် အမှုလေးမှုသည် နေပြည်တော်တွင် လရောင်တောစိုက်ပျိုးသက်မွေး ပညာသင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား လျှောက်ထားရယူသည့်ကိစ္စနှင့်ပတ်သက်၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၃)၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် စီမံကိန်းတစ်ခုအတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့်ကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုထားသည့် ရာဇဝတ် ကြီးအမှုအမှတ်(၄)တို့ဖြစ်ကြောင်း၊ နေပြည်တော်ရှိ လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေရှင်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အအုံအား ဒေါ်ခင်ကြည်ဖောင်းဒေရှင်းသို့ အများပြည်သူ လှူဒါန်းငွေ များမှ အသုံးပြုခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူရန် တင်ပြသည့်ထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၅)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၆၀)မှ မြေ ၁ ဒသမ ၈၆ ဧကနှင့် အ ဆောက်အအုံများကို လုပ်ထုံးလုပ်နည်းများ နှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုသောကိစ္စနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ် ၂၅ တို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

NUG အကြမ်းဖက်အဖွဲ့၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား  ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ်(၂)နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီ ၂၇ ရက် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ငါးနှစ်ကျခံရန် အပြီးသတ်အမိန့်ကို ဇမ္ဗူသီရိ အထူးတရားရုံးက ချမှတ်ခဲ့ရာ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများ အပါအဝင် အမှုပေါင်း ၁၂ မှု တရားရင်ဆိုင်နေရပြီး စစ်ဆေးပြီးပြတ်သွားသည့်အမှုများအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)