(၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP ၊  ဇွန် ၃

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အာဇာနည်နေ့ အခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်‌ ဆောင်ရွက်သည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လုပ်ငန်းကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် လုံခြုံရေးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ကြောင်း။

ထို့ပြင် အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေးဆပ်ကော်မတီ၊ လွမ်းသူပန်းခွေချအလေးပြု အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) အလံတင် အခမ်းအနားကျင်းပရေး ဆပ်ကော်မတီ ဟူ၍ ဆပ်ကော်မတီ ၈ ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အုပ်ချုပ်ထောက်ပံ့မှုအတွက် အာဇာနည်ဗိမာန်အပါအဝင် သက်ဆိုင်ရာနေရာများ သန့်ရှင်းသပ်ရပ်ရေး၊ မြေယာရှုခင်းများ ပန်းအလှပင်များ စိမ်းလန်းစိုပြေရေး၊ လျှပ်စစ်မီး မပြတ်တောက်စေရေး၊ မီးစက်အရန်များ ထားရှိရေး ကိစ္စများကို ဆောင်ရွက်ထားရှိရန်၊ ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်တွင် အသိပေး ဥဩသံထုတ်လွှင့်ရေး၊ အာဇာနည်နေ့ မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မီဒီယာများမှ တဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများ၊ အစီအစဉ်များ၊ သီချင်းများ ကြိုတင် ရေးသားထုတ်လွှင့်ရေး၊ ကျောင်းများတွင် အာဇာနည်နေ့နှင့် ပတ်သက်သော စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပလုပ်ရေးတို့ကို ဆောင်ရွက်သွားရန် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ရှင်းလင်း တင်ပြပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ရဲမှူးချုပ် ဝင်းမင်းသိန်း၊ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးဘိုဌေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာ၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့က သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။


ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)