ရှမ်းပြည်နယ် လက်ရွေးစင်ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် လက်ရွေးစင်ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်

 





MNP - ဇွန်   ၁၆


၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ‌ကျော်ထွန်းက ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် ဘော်လီဘောအသင်းများမှ အားကစားသမားများသည် နိုင်ငံတော်မှ ချမှတ်ထားသော တာဝန်ကြီး(၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင်ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် ဘော်လီဘောအသင်းသည်လည်း တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်‌ပေးကြရန်မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ် ဘော်လီဘောအားကစားနည်းသည် အစဉ်အလာရှိသည့် အားကစားနည်းဖြစ်ပြီး အမျိုးသားဘော်လီဘောအသင်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲတွင် ချန်ပီယံဆုဖလားကြီးကို အကြိမ်ကြိမ်ရရှိခဲ့သည့် အသင်းဖြစ်သော်လည်း ၂၀၁၉ခုနှစ် ရှမ်းပြည်နယ်တွင် လက်ခံကျင်းပသော ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး (၂)သင်းလုံး ဒုတိယအဖြစ်နှင့်သာ နှစ်သိမ့်ခဲ့ရပြီး ယခုနှစ်အိမ်ရှင်အဖြစ် တတိယအကြိမ် ကျင်းပမည့်ပြိုင်ပွဲတွင် ပရိတ်သတ်ကို အကောင်းဆုံးကြိုးစားကစားကြရင်း ဒိုင်းဆုကြီးရအောင် ကြိုးပမ်းကစားကြမည်ဟု ယုံကြည်ပါကြောင်း၊ ရှမ်းပြည်နယ် ဘော်လီဘောအသင်းသည်လည်း ရှမ်းပြည်နယ်၏ အားကစားအဆင့်အတန်း အဆင့်မနိမ့်ကျကြောင်း ထပ်မံသက်သေထူကြရန် တာဝန်ရှိသည်ကိုမှာကြားလိုကြောင်း၊ ရှမ်းပြည်နယ် ဘော်လီဘောအသင်းအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန် အသင်း၏ တာဝန်ရှိအုပ်ချုပ်သူနည်းပြများနှင့် ကစားသမားများအားလုံးကို မှာကြားလိုကြောင်း၊ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲကာလအတွင်း အစားအသောက်၊ အနေအထိုင်၊ အသွားအလာများကို ဆင်ဆင်ခြင်ခြင် စည်းကမ်းရှိရှိ နေထိုင်သွားလာစားသောက်ကြရန်နှင့် မိမိကိုယ်ကို အထူးဂရုစိုက်ကြရန် ပြောကြားသွားသည်။


ဆက်လက်၍ ထောက်ပံ့ငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘော်အသင်းအား‌ ထောက်ပံ့ငွေကျပ် (၁၅,၁၁၆,၀၀၀) (တစ်ရာငါးဆယ်တစ်သိန်းတစ်သောင်းခြောက်ထောင်)ပေးအပ်ရာ အသင်းနည်းပြ အုပ်ချုပ်သူများမှလက်ခံရယူပြီး ရှမ်းပြည်နယ် ဘော်လီဘောအသင်းနည်းပြချုပ် ဦးဌေးအောင်မှ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် ဘော်လီဘောလက်ရွေးစင် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ရာ အသင်းနည်းပြအုပ်ချုပ်သူများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)