ပြည်သူ့စစ်ရဲ့တန်ဖိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်ရဲ့တန်ဖိုး


နိုင်ငံရေးသမားအမည်ခံ နိုင်ငံရေးနဲ့ ကိုယ်ကျိုးရှာသူများဟာ အများပြည်သူကောင်းကို ရှေးရှုခြင်း ရှိ/မရှိ ယနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် ကောင်းစွာ သင်ခန်းစာယူသင့်ပါတယ်။ အထူးသဖြင့် ပြည်သူများအနေနဲ့ မိမိတို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ လေလုံးထွား နိုင်ငံရေးသမားများဟာ မိမိတို့ ပြည်သူများကို ခုတုံးလုပ်ပြီး တိုင်းဖျက် ပြည်ဖျက် လုပ်လာတာမျိုးဆိုရင်တော့ အသိ၊ သတိနဲ့ စဉ်းစားဆင်ခြင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ယနေ့ မဲလိမ် မဲခိုးမှုကြောင့် အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ (ပြည်ပြေးများ) ဟာ အာဏာလက်မဲ့ ဖြစ်သည့်နေ့မှစပြီး ပြည်သူအချင်းချင်းကြား စိတ်ဝမ်းကွဲအောင် လှုံ့ဆော်ပြီး ဆူပူအကြမ်းဖက်မှုမှသည် လုပ်ကြံသတ်ဖြတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအထိ ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လာခဲ့ကြပါတယ်။

တပ်မတော်ဦးဆောင်တဲ့ နစက အစိုးရရဲ့ ယန္တရား ပျက်ပြားစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝန်ထမ်းတွေကို CDM လုပ်ဖို့ လှုံ့ဆော်ခဲ့ကြတယ်။ ကျောင်းသား လူငယ်တွေကို ကျောင်းမတက်ဖို့ လှုံ့ဆော်ခဲ့ကြတယ်။ သူတို့ရဲ့ လှုံ့ဆော်မှုတွေအပေါ် နားယောင်ပြီး CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေ၊ ကျောင်းမတက်ဘဲ ကျောင်းထွက်ခဲ့တဲ့ ကလေးတွေ ဘာတွေ ဖြစ်ကုန်လဲ။ NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ဖွဲ့စည်းထားတဲ့ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေက ဘာတွေ တာဝန်ယူဆောင်ရွက်ပေးသလဲ။ သူတို့အာဏာရရှိရေး တစ်ခုအတွက် အလွှာအသီးသီးက ပြည်သူတွေကို အတိဒုက္ခရောက်အောင် ဖန်တီးခဲ့ကြတယ်။ CDM လုပ်ပြီး လမ်းပေါ်ရောက်သွားကြတယ်။ ကိုယ့်တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ အများပြည်သူ အကျိုးပြုလုပ်ငန်းတွေ လုပ်နေနိုင်ပါလျက်နဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုနောက် လိုက်ပါခဲ့တဲ့ အတွက် အတိဒုက္ခရောက်ခဲ့ကြတာတွေပဲ များပါတယ်။ ပြည်တွင်း ပြည်ပက အထောက်အပံ့တွေနဲ့ တိုင်းဖျက်ပြည်ဖျက် လုပ်သူတွေရဲ့ လက်ဝေခံတချို့ကတော့ စွန့်ကြဲပေးကမ်းတာလေးနဲ့ အဆင်ပြေချောင်လည်ကြပေမယ့် ငါရသလို သူတို့လည်း ရပါစေလို့ ဝေမျှပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်သာ သုံးလိုက်ကြတဲ့အတွက် CDM ဦးဆောင်သူတွေကတော့ အဆီအနှစ်စားရပြီး အများစုကတော့ အသိုက်ပျောက်တဲ့ ငှက်ပမာ ဖြစ်ခဲ့ကြရပါတယ်။

ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများဟာ ခေသူတွေတော့ မဟုတ်ပါဘူး။ အများပြည်သူကိုသာ အတိဒုက္ခရောက်အောင် လှုံ့ဆော်လိမ့်မယ်။ သူတို့ရဲ့ လှုံ့ဆော်မှုနောက်ကို သူတို့သားသမီး၊ သူတို့ဆွေမျိုး တစ်ဦးတစ်ယောက်ကိုမျှ အတိဒုက္ခမရောက်ရလေအောင် စနစ်တကျ အစီအစဉ်ချပြီး ပြည်ပကို ထွက်ပြေးကြပါတယ်။ ရည်ရွယ်ချက်ရှိရှိ ယုတ်မာသူတွေလို့ ဆိုရင် မမှားပါဘူး။ မျိုးဆက်သစ် လူငယ်ပေါင်းများစွာကို လူညွန့်တုံး လူ့နလပိန်းတုံးဖြစ်အောင် ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ကြပေမယ့် သူတို့ရဲ့ သားသမီးတွေကိုတော့ ပြည်ပမှာ အဆင့်မြင့်ပညာတွေ သင်ကြားခွင့်ရအောင် ရသမျှ အထောက်အပံ့တွေကို မောင်ပိုင်စီး အသုံးပြုလိုက်ကြပါတယ်။

CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ အောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနဆိုတာလည်း ရှိပါတယ်။ နစက သက်တမ်း တစ်နှစ်မပြည့်ခင်ကလည်း ဒီအချက်ကို ထောက်ပြခဲ့ပါတယ်။ သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သစ္စာအဓိဋ္ဌာန် (၃) ချက် ထဲမှာ တိုင်းရင်းသားပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မည်ဆိုတဲ့ တစ်ချက်ပါတယ်။ ယနေ့ အချိန်အထိ ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ PDF အကြမ်းဖက်သမားများဟာ ပြည်သူကို ကာကွယ်ခြင်း မဟုတ်ဘဲ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတာဟာ သူတို့ရဲ့ သစ္စာစကား တည်သေးရဲ့လား။ 

ပြည်သူ့ကာကွယ်ရေးတပ် (PDF ) ဆိုတဲ့အဖွဲ့က အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၃၀၀၀ ဝန်းကျင်အထိ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ ရဟန်းသံဃာများ၊ ဆရာ/ဆရာမများကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြတယ်။ ဒီလို လုပ်ရပ်တွေဟာ အများပြည်သူကောင်းကျိုးအတွက်လား။ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ဘာတွေ ကောင်းကျိုးရလာတာ ရှိသလဲ။ ဒါဟာ နိုင်ငံရေးလား။

ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ အလွန်အကျူး ဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်များအတွင်းက ကျေးရွာများကို ကျွန်တော်တို့ ရောက်ခဲ့ကြပါတယ်။ ဒီကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ PDF အကြမ်းဖက်သမားများရဲ့ ရန်ပြုစော်ကား၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေကြရပါတယ်။

ကျွန်တော်တို့ လမ်းခရီးမှာ အနှောက်အယှက်ကင်းအောင် အကြိုလွှတ်လိုက်တဲ့ သူတွေကလည်း ပြည်သူ့စစ်အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ လမ်းတလျောက်မှာလည်း တပ်ဂိတ်၊ ရဲဂိတ် မတွေ့ရဘဲ ပြည်သူ့စစ်တွေပဲ ကိုယ့်ရွာနဲ့ ကိုယ် ဂိတ်ဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေကြရပါတယ်။ ပြည်သူ့စစ်ဂိတ်တွေ ရောက်တိုင်း ကိုချိုကြီးက ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်စောင့်ရှောက်နေကြတဲ့အတွက် ဂုဏ်ယူလေးစားကြောင်း အားပေးစကား ဆင်းပြောပါတယ်။ တချို့ပြည်သူ့စစ်အဖွဲ့ဝင်တွေကလည်း ကိုချိုကြီးကို လိုင်းပေါ်မှာ တွေ့ဖူးပြီး သိနေကြပါတယ်။ တကယ့် ညီရင်းအစ်ကိုတွေ ပြန်တွေ့ကြသလို ဖက်လှဲတကင်းပါပဲ။

တပ်ကလည်း တာဝန်မယူ၊ ရဲ ကလည်း တာဝန်မယူ၊ PDF အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို တည်ငြိမ်အေးချမ်းမှု လိုလားတဲ့ ပြည်သူတွေက တာဝန်သိစိတ်နဲ့ ပြည်သူ့စစ်အဖြစ် အမှုထမ်းပြီး ကာကွယ်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ တာဝန်ရှိသူတွေက တာဝန်မယူတဲ့အတွက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးပြီ။ တာဝန်မရှိသည့်တိုင်အောင် တာဝန်မဲ့ နေလို့ မရတော့ဘူးဆိုတာကို တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူတွေ သိလာကြတယ်။ တာဝန်သိသူမှာ တာဝန်ရှိတယ်ဆိုစကားအတိုင်း မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးပါမယ်ဆိုသူတွေ က ကြောင့်ကြမဲ့နေကြတဲ့အတွက် ကိုယ်တိုင် တာဝန်ယူကာကွယ်ရတဲ့ အခြေအနေမျိုးကို ရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုတိုင်းပြည်မှာ ပြည်သူဖြစ်ရတာ မိအေးနှစ်ခါနာဆိုသည်ထက် ဆိုးပါတယ်။ တစ်ဖက်မှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ အာဏာရူးတွေကို ထောက်ခံသူတွေက အကြမ်းဖက်သမားတွေ ဖြစ်လာတယ်။ ဥပဒေအရ တာဝန်ယူထိန်းသိမ်းရပါတယ်ဆိုတဲ့ တပ်မတော်ကို ဝန်းရံသူတွေမှာ အသက်အန္တရာယ်မကင်းတဲ့ အခြေအနေမျိုး ရောက်လာရင် တပ်လည်း အကူအညီတောင်းမရ၊ ရဲလည်း အကူအညီတောင်းမရ။ PDF အကြမ်းဖက်သမား သတ်လို့ သေပြီးတာတောင် အလောင်းကောက်ပေးမယ့်သူ မရှိတဲ့ အဖြစ်မျိုးတွေ ကြုံခဲ့ရတယ်။

ဂုဏ်သရေရှိ လူကြီးလူကောင်းဆိုသူတွေပဲ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်လို့ ရွှန်းရွှန်းဝေ ပြောတတ်ကြပါတယ်။ အာဏာရလိုမှုသာ ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာတော့ အပြောနဲ့ အလုပ်က ထပ်တူမကျပြန်ပါဘူး။

ပြည်သူတွေမှာ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်သူကမှ ကာကွယ်မှုမပေးနိုင်ဘူးဆိုတာ သိလို့ ကိုယ်တိုင် တာဝန်ယူပြီး ကာကွယ်မယ်ဆိုပြန်တော့လည်း ပြည့်စုံမှုမရှိပါဘူး။ လက်နက်၊ ရိက္ခာ လိုအပ်ချက်လေးကိုတောင်မှ ဖြည့်ဆည်းမပေးကြတဲ့ သဘောဟာ ပြည်သူပေါင်းများစွာကို သေတွင်းထဲ ရောက်စေချင်နေကြတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ် အတွင်းက ကျေးရွာတွေကို ရောက်တဲ့အခါမှာလည်း တပ်နဲ့ ရဲကို လောက်လောက်လားလား မတွေ့ရပါဘူး။ ဆရာတော်ဦးဝါသဝ ဦးဆောင်စည်းရုံးပြီး ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေသာ ရွာဝင် ရွာထွက်ကိုလည်း စစ်ဆေးရတယ်။ စာသင်ကျောင်းကိုလည်း လုံခြုံရေးပေးရတယ်။

ဘာအတွက်ကြောင့် ပြည်သူစစ်တွေက ရပ်ရွာလုံခြုံရေး၊ စာသင်ကျောင်းများ လုံခြုံရေးအတွက် ဆောင်ရွက်နေကြရတာလဲ။ ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံထားတဲ့ (PDF)အကြမ်းဖက်သမားတွေက ရွာထဲက အိမ်တွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးဖို့လည်း ဝန်မလေးဘူး။ စာသင်ကျောင်းကို ဗုံးခွဲဖျက်ဆီးဖို့လည်း ဝန်မလေးဘူး။ သူတို့ရဲ့ သစ္စာစကားကို သူတို့ မသိကြတော့ဘူး။ သစ္စာစကားကို ဆန့်ကျင်ပြီး အဖျက်အမှောင့် အကြမ်းဖက်လုပ်ရပ်တွေသာ လုပ်ဆောင်လာတဲ့အတွက် ရပ်ရွာတွေကို အမှန်တကယ် အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းဟာ ပြည်သူ့စစ်အဖွဲ့အစည်းဖြစ်လာပါတယ်။

အဲဒီရပ်ရွာဒေသတွေမှာ NLD ကို အားပေးထောက်ခံသူ များကောင်းများလိမ့်မယ်။ NLD ထောက်ခံသူတိုင်းကတော့ အသိဉာဏ် ဆင်ခြင်တုံတရားကင်းမဲ့စွာ ကိုယ့်ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်တဲ့ အလုပ်တွေကို မလုပ်လိုကြပါဘူး။

ဆရာတော်ဦးဝါသဝ ကျောင်းမှာ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားရသူတွေရဲ့ မိသားစုဝင်တွေ လာရောက်တိမ်းရှောင်နေထိုင်ကြတယ်။ ဆရာတော်က ဘယ်အရပ်ကလာလာ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူမှန်သမျှကို လက်ခံတယ်။ ကျွေးမွေးတယ်။ အဝတ်အစားလိုရင်လည်း အလှူခံလိုရ ရရင်ရ၊ မရရင် ကိုယ်တိုင်စီစဉ်ပေးတယ်။ 

ဆရာတော်ကျောင်းမှာ လာရောက်တိမ်းရှောင်ပြီး နေထိုင်ကြသူတွေကို စပြီး ပြည်သူ့စစ်သင်တန်းပေး ကလေး၊ လူကြီး မကျန်သင်တန်းပေးတယ်။ ဆရာတော်က အဲဒီလိုတွေ စောင့်ရှောက်ထားမှန်း သိတော့ PDF အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်က ဆရာတော့်ကျောင်း ဖြစ်လာတယ်။ သို့ပေသော် ဆရာတော်က ရဲလည်းအများကြီး မလို၊ တပ်လည်း အများကြီး မလို ကိုယ့်ပြည်သူ့စစ်အဖွဲ့နဲ့ ကိုယ့်ကျောင်းကို ကာကွယ်တယ်။ အဲဒီလို အခြေအနေမျိုးဖြစ်သွားတဲ့အချိန်မှာ ကျောင်းမှာ လာရောက်ခိုလှုံသူတွေလည်း စိတ်အေးချမ်းသာ နေနိုင်တဲ့ အခြေအနေမျိုးဖြစ်သွားတယ်။

အဲဒီကစပြီး ဆရာတော်က ရွာစဉ်လှည့် တရားဟောတယ်။ ဆရာတော်ရဲ့ သြဝါစကားတွေက ထိထိမိမိရှိတယ်။ "ဒကာ၊ ဒကာမတို့ နိုင်ငံရေးကို နားလည်ကြလား။ (ပရိတ်သတ်ဆီက အဖြေမရ)။ ဘုန်းကြီးလည်း နားမလည်ဘူး။ (ပရိတ်သတ်က ရယ်တယ်)။ နိုင်ငံရေးဆိုတာ ရေအိုးထဲက ရေကို မွှေသလိုပဲ။ မွှေလေ အနည်ထလေပဲ။ သဘောပေါက်လား။ နိုင်ငံရေးကို အသာထားပြီး နိုင်ငံ့အရေး၊ ကိုယ့်ရပ်ကိုယ့်ရွာအရေးကို စဉ်းစားကြရင် မကောင်းဘူးလား။ ကိုယ့်ရွာလေးကို ပျက်စီးစေချင်လား။ (မပျက်စီးစေချင်ပါဘုရား)။ ရွာတစ်ရွာဖြစ်ဖို့ လွယ်သလား။ ရွာမပြောနဲ့အုံး အိမ်တစ်လုံးဖြစ်ဖို့တောင် လွယ်သလား။ စာသင်ကျောင်းတစ်ကျောင်း ဖြစ်ဖို့ လွယ်သလား။ (မလွယ်ပါဘူးဘုရား)။ ကိုယ့်ရပ် ကိုယ့်ရွာကို ပျက်စီးစေချင်သလား။ (မပျက်စီးစေချင်ပါဘူးဘုရား)။ အေး အနီ အစိမ်း အေးအေးဆေးဆေးနေကြ။ ကိုယ့်ရပ်ကိုယ်ရွာကို ညီညီညွတ်ညွတ်ကာကွယ်ကြ။ ကာကွယ်ဖို့မလိုဘူးလား။ (လိုပါတယ်ဘုရား)။ ရွာထဲမှာ အေးအေးဆေးဆေး မနေရင် ရွာပြင်ထုတ်။ ရှင်းသလား။ အခု ပြည်သူစစ်ဖွဲ့ထားတဲ့ ရွာတွေကို PDF ကပ်နိုင်သေးလား။ PDF က ရွာကို စောင့်ရှောက်ပေးတာလား။ ဖျက်ဆီးတာလား။(ဖျက်ဆီးတာပါဘုရား)။ ပြည်သူ့စစ်ဖွဲ့ကြ။ ပြည်သူ့စစ်ရဲ့ တန်ဖိုးကို သိလာကြပြီ။ ပြည်သူ့စစ်ဖွဲ့နိုင်တဲ့ ရွာတွေမှာ ခေါင်းပြားအောင် အိပ်လို့ရပြီ။" လို့ မိန့်ကြားပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ အနီအများစုဟာ အကြမ်းဖက်လှုပ်ရှားမှုတွေကို အားပေးထောက်ခံပြီး ရေးသားနေကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ အရပ်ဒေသတွေမှာတော့ အနီတိုင်းက PDF ကို အားမပေးပါဘူး။ တချို့ရွာတွေမှာ အနီတွေလည်း ပြည်သူ့စစ်ထဲ ဝင်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို PDF အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်က ကာကွယ်နေကြတာဟာ ဆရာတော်ဦးဝါသဝရဲ့ ဟောပြောစည်းရုံးမှုရဲ့ ရလာဒ်တွေပါပဲ။

ပြည်သူ့စစ်မရှိခင်က PDF က လာသတ်သွားပြီးမှ၊ ရွာကိုမီးလာရှို့သွားပြီးမှ ရဲကို ဖုန်းဆက်၊ တပ်ကို ဖုန်းဆက် အကူအညီ အလွယ်တကူမရနိုင်ပါဘူး။ ပြည်သူ့စစ်ရှိခြင်းကြောင့် ရပ်ရွာထဲကို အကြမ်းဖက်သမား မကပ်နိုင်ဘူး။ ရွာသူ ရွာသားတွေကို ကာကွယ်ပေးပြီးသား ဖြစ်တယ်။ ကျောင်းတွေကို လုံခြုံရေးပေးပြီး ဖွင့်လှစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်လာတယ်။ 

ပြည်သူ့ကာကွယ်ရေးလို့ အမည်တပ်ထားတဲ့ PDF က သစ္စာတရားကို အလေးမထားဘဲ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်လာခြင်းကြောင့် မခံနိုင်မရပ်နိုင်ဖြစ်လာကြတဲ့ ဒေသခံ လူငယ်တွေရဲ့ စိတ်ထဲမှာ အမုန်းတရားတွေ ကိန်းအောင်လာတယ်။ တချို့ရွာတွေမှာ အမျိုးသမီးများပါ ပြည်သူ့စစ်ထဲ ဝင်ကြတယ်။ ရပ်ရွာတွေကို PDF က ဝင်ရောက်အကြမ်းဖက်တဲ့အခါ ခုခံကာကွယ်ကြတယ်။ PDF အကြမ်းဖက်သမားတွေကို အသေရမိလိုက်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတယ်။ အဲဒီလို အသေမိရင်တော့ အကြမ်းဖက်သမားအတွက် အလုပ်ရှုပ်ခံမနေကြပါဘူး။ ဒေသအခေါ် "မူးရေချိုးပေးလိုက်တယ်" လို့ ပြောကြတာကို ကြားရပါတယ်။ စကားလုံးက နည်းနည်းထူးဆန်းနေတော့ "မူးရေချိုးတယ်ဆိုတာ ဘာလဲ" လို့ မေးကြည့်ရပါတယ်။ အကြမ်းဖက်သမား အသေမိရင် အလုပ်ရှုပ်ခံမနေနဲ့ တခါတည်း မူးမြစ်ထဲ ပစ်ချလိုက်၊ ငါးစားသွားလိမ့်မယ် လို့ ရှင်းပြပါတယ်။

ပြည်သူ့စစ်အဖွဲ့ထဲမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသူတွေထဲမှာ မိသားစုဝင် ၄ယောက်၊ ၅ယောက်အထိ PDF အကြမ်းဖက်သမားတွေက သတ်လို့ သေဆုံးသွားရတဲ့ မိသားစုဝင်တွေ ပါဝင်ပါတယ်။ PDF အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို သူတို့တွေ လည်ဆင်းခံခဲ့ကြရတယ်။ အခုတော့ မခံနိုင်ကြတော့ဘူး။ ပြည်သူ့စစ်အဖွဲ့ဝင်အနေနဲ့ PDF အကြမ်းဖက်သမားတွေကို စနစ်တကျ တုန့်ပြန်ကာကွယ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်လာတဲ့အတွက် ကိုယ့်ရပ်ကိုယ့်ရွာထဲ အကြမ်းဖက်သမား အဝင်မခံတော့ဘူး။ မျိုးဆက်သစ်ကလေးငယ်တွေရဲ့ ပညာရေးကို PDF အကြမ်းဖက်သမားများ အနှောက်အယှက် မပေးနိုင်တော့ဘူး။ ဒါတွေကတော့ ပြည်သူ့စစ်ရဲ့ တန်ဖိုးတွေပါပဲ။ 

ရွာဦးရွာထိပ်က ရှေးဟောင်းစေတီလေးကို ရွာသူရွာသားများ ဝိုင်းဝန်းလုပ်အားပေးပြီး ပြုပြင်နေကြတယ်။ PDF အကြမ်းဖက်သမား လာရောက်နှောက်ယှက်မှာစိုးလို့ ပြည်သူ့စစ်တွေက လက်နက်ကိုင်ပြီး ကာကွယ်စောင့်ရှောက်ပေးနေကြရတယ်။ တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ဟာ အများပြည်သူကောင်းကျိုးကို ရှေးရှုတဲ့ နိုင်ငံရေးလမ်းစဉ်လား ဆိုတဲ့ အဖြေကို ပြည်သူအများ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်ပါ။ မြန်မာ့သမိုင်းမှာ ကိုယ်ကျိုးရှာနိုင်ငံရေးသမား၊ တိုင်းတပါးလက်ပါးစေ ပြည်ပြေးတွေ ပေးခဲ့တဲ့ ဒုက္ခအပေါင်းကို ခါးစီးခံနေရတဲ့ ပြည်သူတွေအတွက် ရင်နာလွန်းလို့ပါ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)