MNP ၊ ဇူလိုင် ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်း မှန်ကန်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရွေးကောက်ပွဲကော်မရှင် အပါအဝင် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရွေးကောက်ပွဲတွင် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း လုပ်ငန်းကိုလည်း ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်အထိ (၁၈)လတာ သတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ပေးရမည့် အရေအတွက် လျာထားသတ်မှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု (၁၅)လကြာကာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ် (၉)ခုသည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသည်လည်း လုံခြုံရေး ကန့်သတ်ချက်အရ နေရာဒေသ အနည်းငယ်သာ ဆောင်ရွက်ပေးရန် ကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ ပန်းခင်းစီမံချက် အဆင့်(၂)ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ် (၁)ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်အထိ (၁၇)လကြာ သတ်မှတ်၍ ယင်းကာလအတွင်း အသက်(၁၈)နှစ်ပြည့်လာမည့်သူ နိုင်ငံသားများအတွက် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲတွင် မဲစာရင်း မှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာန၏ နိုင်ငံသားကတ်ထုတ်ပေးမှုနှင့် အိမ်ထောင်စု လူဦးရေစာရင်းသည် အဓိကကျသည့် အထောက်အထား၊ အချက်အလက်များ ဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိတို့ဌာန၊ မြို့နယ်ရုံးများရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)ပါ အချက်အလက်များကို ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းအချက်အလက်များအပေါ် မူတည်၍ ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းကာ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးကာ မှန်ကန်သည့် မဲစာရင်းကို ပြုစုဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံသားနံပါတ်များ ထပ်ခြင်း၊ မှားခြင်း၊ အိမ်ထောင်စုစာရင်းများ ကွဲလွဲနေခြင်းတို့အား ဌာန၏ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းအားလုံးသည် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ မိမိတို့ဌာန၏ ပန်းခင်းစီမံချက် ဆောင်ရွက်ခြင်း၊ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)များကို နည်းပညာဖြင့် ဖြည့်သွင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများသည် နိုင်ငံတော်၏ အနာဂတ်အတွက် မဲစာရင်းမှန်ကန်ရေး၊ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံတော်စီမံချက်များ ဖြစ်သည်နှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသူအားလုံးက လုပ်ငန်း၏အရေးပါမှုကို သိရှိနားလည်ထားကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက မြို့နယ်ရုံးအသီးသီးမှ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)မှတ်တမ်းပါ အချက်အလက်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များ ပေးပို့ပြီးစီးမှုနှင့် e-ID စနစ်လုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လုပ်ငန်းဆိုင်ရာ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment