MNP ၊ ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့ ဗောဓိကျေးရွာအထွက် ဂွ-ငါးသိုင်းချောင်း ကားလမ်းဘေး တဲတစ်လုံးတွင် ဇူလိုင်လ(၂၀)ရက်နေ့က လူတစ်ဦးကြိုးဆွဲချသေဆုံးကြောင်း သတင်းအရ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းအောင် ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်သော သက်သေများဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအထွက် ဂွ-ငါးသိုင်းချောင်း မိုင်တိုင်အမှတ်၂၈/၂နှင့် ၂၈/၁အကြား ကားလမ်းဘေး တောင်ကုန်းပေါ်ရှိ တဲအတွင်းတွင် ဦးသန်းမိုး(၄၂)နှစ်၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး နေသူအား မီးဖိုဆောင်နှင့် အိပ်ခန်းအဝင်တွင် အရှည်၁၀ပေ၊ လုံးပတ်၃မူးရှိသော နိုင်လွန်ကြိုးအား နှစ်ခေါက်ခေါက်၍ ကြိုးကွင်းပြုလုပ်ကာ ကြမ်းပြင်မှအမြင့်၆ပေ၆လက်မမြင့်သော တဲခေါင်မိုးဝါးလုံးတွင်ချည်ကာ ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
သေဆုံးသူ ဦးသန်းမိုးမှာ လွန်ခဲ့သော(၆)ရက်က ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး ယခုတဲပိုင်ရှင်ထံသို့ ခေတ္တခဏ အလည်လာခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာအရက်သေစာသောက်စားတတ်ပြီး ကျန်းမာရေးမကောင်းကြောင်း၊ စိတ်ညစ်နေကြောင်းကို တဲပိုင်ရှင်လင်မယားထံ ပြောပြခဲ့ကြောင်း၊ ဇူလိုင်လ(၂၀)ရက်နေ့ နေ့လည်ပိုင်းက တဲပိုင်ရှင်လင်မယားက ဆေးလိပ်ထွက်ဝယ်ရာတွင် ဦးသန်းမိုးမှာ တဲ၌ အိပ်ကျန်ခဲ့ကြောင်း၊ ၎င်းတို့ပြန်ရောက်လာချိန်တွင် ဦးသန်းမိုးမှာ ကြိုးဆွဲချသေဆုံးနေကြောင်းကို စစ်ဆေးချက်အရ သိရသည်။
သေဆုံးသူ ဦးသန်းမိုးအလောင်းအား ဆေးစာရေးသားပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်းနှင့် သေမှုသေခင်းဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ ထံမှသိရသည်။
သတင်း - မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment