MNP ၊ ဇူလိုင် ၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂ဝ၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူလူထုများ ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ ပြိုင်ပွဲဝင် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း။
ပိုက်ကျော်ခြင်း အားကစားနည်းသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး စိတ်ပါဝင်စားစွာ ကစားနေသည့်အားကစားနည်းဖြစ်ပြီး အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် လည်း နိုင်ငံဂုဏ်ဆောင်ပေးနိုင်ခဲ့သည့် အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “အဖိုးနည်းဝန်ပါ သင်ကျန်းမာဘို့ ပိုက်ကျော်ခြင်းကစားကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး အတွက်ဖြစ်စေ၊ အားကစားအတွက်ဖြစ်စေ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းလည်း ဖြစ်ကြောင်း။
ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် နိုင်ငံတော်အတွက် အာရှနှင့်အရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၂၀)၊ ငွေတံဆိပ် (၂၃) ခုနှင့် ကြေးတံဆိပ်(၃၂)ခု စုစုပေါင်းဆုတံဆိပ်(၇၅)ခု ရယူပေးနိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်(၁) ခုနှင့် ကြေးတံဆိပ်(၃) ခုတို့ကိုရရှိကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါကြောင်း၊ အာရှအဆင့်နှင့် အရှေ့ တောင်အာရှအဆင့်အားကစားပြိုင်ပွဲများတွင် ဆက်လက်အောင်မြင်မှုများရရှိစေရန် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားက ဆထက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။
ယနေ့ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များက မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်ကြမည့်အသင်း အောင်နိုင်ရေးအတွက် မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေး အကောင်းဆုံးပါဝင် ယှဉ်ပြိုင်စေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင် အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီး ၂ဝ၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများကို လိုက်လံနှုတ်ဆက်ကြပြီး ယနေ့ပြိုင်ပွဲ ပွဲစဉ်အဖြစ် အမျိုးသား(၃)ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ပွဲစဉ်(၂)တွင် ရခိုင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်း၊ ပွဲစဉ်(၃)တွင် နေပြည်တော်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၅ ရက်မှ ၁၅ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ နေ့စဉ်နံနက် ၈ နာရီမှစတင်၍ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၅) သင်းနှင့်အမျိုးသမီးအသင်း(၁၃)သင်းတို့မှ ပြိုင်ပွဲဝင်အားကစားသမား (၃၆၈) ဦးတို့သည် အမျိုးသား (၂) ယောက်တွဲ၊ (၃) ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၂) ယောက်တွဲ၊ (၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်သဖြင့် ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားသည့် ပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment