အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၁၉) ကြိမ်မြောက်နှင့် အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၁၉) ကြိမ်မြောက်နှင့် အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ







MNP ၊ ဇူလိုင် ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊  (၂၀၁၉-၂၀၂၀) (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် တက္ကသိုလ် (ဗုဒ္ဓဓမ္မ)သင်တန်း အသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ပြည်ပ သင်တန်းသားများ ဘွဲ့လက်မှတ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ Seminar Hall ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဓဇ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက၊ တိပိဋကကောဝိဒ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသိရိန္ဒာဘိဝံသနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ မထေရ်မြတ် အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြားသီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘွဲ့ရပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံအသီးသီးမှ ဘွဲ့ရသင်တန်းသားများ ကြွရောက်တော်မူကြသည်။


အစီအစဉ်အရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ၏ သာရဏီယအဖွင့် သြဝါဒကထာကို ဆရာတော်ကြီး၏ကိုယ်စား အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ပရိယတ္တိမဟာဌာန၊ ဌာနကြီးမှူးဆရာတော် ဒေါက်တာဘဒ္ဒန္တနောဓိဉာဏ က ဖတ်ကြားတော်မူသည်။


ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂုဏ်ယူဝမ်းမြောက်စကား လျှောက်ထားသည်။


ထို့နောက် ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ က ဘွဲ့ရကျောင်းသားများအား တက္ကသိုလ်အဓိဋ္ဌာန် အမေး/အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်းပြည်ပ သင်တန်းသား/သူ စုစုပေါင်း (၉၂) ပါး/ဦးတို့အား ဘွဲ့နှင့်အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းတော်မူသည်။


ဆက်လက်၍ ပညာရည်ချွန် ထူးချွန်ဆုအဖြစ် ပါမောက္ခချုပ်ဆရာတော်က ချီးမြှင့်တော်မူသည့် တစ်ကျပ်သား ရွှေစင်ရွှေပြား (Gold Medals) များကို သက်ဆိုင်ရာ ပညာသင်နှစ်အလိုက် ဆွတ်ခူး ရရှိကြသည့် ထူးချွန်ရွှေတံဆိပ်ဆုရှင် (Gold Medalist) များဖြစ်ကြသည့် ဗီယက်နမ်နိုင်ငံသူ (သီလရှင်) Mai Thi Huyen နှင့် သြစတေးလျနိုင်ငံသူ Ms. Myat Thet တို့ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပါမောက္ခချုပ်ဆရာတော်က "ဘွဲ့မှတ်တမ်းမော်ကွန်း စာအုပ်" တွင် လက်မှတ်ရေးထိုးတော်မူပြီး ဘွဲ့ရကျောင်းသားများသို့ သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။


အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်သင်ကြားလျက်ရှိကာ ယနေ့အချိန်အထိ တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့သော ပြည်တွင်းပြည်ပ သင်တန်းသားများမှ ပါရဂူဘွဲ့ရရှိသူ (၄၀)ပါး/ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ (၂၂၉)ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ရရှိသူ (၈၀၄)ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ (၁၂၁၁) ပါး/ဦး၊ စုစုပေါင်း (၂၂၈၄)ပါး/ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြည်တွင်း/ပြည်ပ သင်တန်းသား စုစုပေါင်း (၂၄၀) ပါး/ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)