MNP - ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲဝင်များနှင့် စေတနာ့ဝန်ထမ်းများအားမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့် လက်ရှိအချိန်အထိ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသောကြောင့် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ မြို့နယ်အတွင်းလိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား စေတနာအပြည့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲဝင်များက ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှှုင်နယ်ပို့စ်
No comments:
Post a Comment