MNP ၊ ဇူလိုင် ၁၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Hotel Yangon ရှိ ဝန်ထမ်းများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားသို့ တက်ရောက်၍ ဟိုတယ်ဝန်ထမ်း (၁၁၂)ဦး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)မှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Novotel Yangon Max Hotel တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း Enchanting Myanmar Health and Safety Protocol နှင့်အညီ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသည့် နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ဟိုတယ် (၂၈) လုံးကို နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ် (HSP National Level Plaque) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်များကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အသိအမှတ်ပြု လက်မှတ်ရရှိသည့် ဟိုတယ်များမှ တာဝန်ရှိသူများကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းယားကန်ဟိုတယ်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဇူလိုင် ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၄)၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးမင်းထိုက်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဆက်စပ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ Panda Hotel တွင် ကျင်းပသည့် “မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှုသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့မှ ဆွေးနွေးပို့ချခဲ့ရာ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်း (၁၅၀)ခန့် တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ TRC အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းသို့ရောက်ရှိကာ သင်တန်းကျောင်းအား ပြင်ဆင်ထားရှိမှု၊ စာတွေ့လက်တွေ့ ပေါင်းစပ်ကာ သင်ကြားပြသနိုင်ရေး၊ မြန်မာနိုင်ငံကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့နှင့် အာဆီယံခရီးသွား လုပ်ငန်းပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်မှ ချမှတ်ထားသော စံနှုန်းများနှင့် အရည်အသွေး သတ်မှတ်ချက်များနှင့်အညီ သင်ကြားပြသနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေ အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ နှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ တရားလို သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သော တရားမမှုများနှင့် စပ်လျဉ်းသည့် အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၂ သို့ တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသားများက အပြည်ပြည်ဆိုင်ရာ ဥပဒေအကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်၊ အာဆီယံပဋိညာဉ်၊ နိုင်ငံတကာ လူ့အခွင့်အရေး၊ စီးပွားရေးစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ရေးထိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment