MNP - ဇူလိုင် ၂၀
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများ စုပေါင်း၍ ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်က မိမိတို့အသင်းသည် ငွေကြေးနှင့် ဆက်နွယ်နေသည့်အတွက် အထင်အမြင်လွဲမှားမှု မဖြစ်ပေါ်စေရန်နှင့် အသင်းဝင်များ ယုံကြည်အားကိုးမှုဖြစ်ပေါ်ရေး၊ အကူအညီ တောင်းခံလာပါက ကူညီဖြေရှင်းပေးနိုင်ရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာ ထိန်းသိမ်းထားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး အသင်းအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က လအလိုက် ကူညီထောက်ပံ့ပေးခဲ့မှု အခြေအနေများ၊ ငွေစာရင်းဆိုင်ရာ ထိန်းသိမ်းထားခဲ့မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးကြသည်။
ပျော်ဘွယ်မြို့နယ်အတွင်း ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်းတွင် အသင်းဝင် စုစုပေါင်း(၁၂၀၀)ဦးခန့်ရှိကြောင်း၊ နာရေးဖြစ်ပေါ်ပါက ယနေ့အချိန်ကာလတွင် တစ်ဦးလျှင် ငွေကျပ်(၁၆၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မင်းမင်းထွေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment