ဒီကာလမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ အပြစ်မဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတာတွေနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကို တာဝန်ကျေတယ်လို့ မခံစားရဘူး။ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်နေလို့လည်း အကာအကွယ်မပေးနိုင်ဘူး။ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်နေလို့လည်း အကာအကွယ်မပေးနိုင်ဘူး။ ကိုယ့်ကို အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှာကို ကြောက်လို့ အကြမ်းဖက်သမားများနဲ့ ဝေးအောင် တိမ်းရှောင်နေရတဲ့ အဖြစ်မျိုးကို ရောက်နေတယ်။ တာဝန်ယူလိုစိတ်၊ တာဝန်ခံလိုစိတ် ကင်းမဲ့သူလို့ ခံစားမိတယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းဖြစ်ပါတယ်။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကား သတ်ဖြတ်မှုတွေကို ကာကွယ်ဖို့ ဗျူဟာလည်း မရှိဘူး။ နည်းဗျူဟာလည်း မရှိဘူး။ ကိုယ်တိုင် အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားမှုကနေ ကင်းလွတ်အောင် တိမ်းရှောင်နေရတဲ့ တစ်ကိုယ်ကောင်းသမား ဖြစ်နေတာကိုလည်း သတိပြုမိပါတယ်။
တစ်ကိုယ်ကောင်းစိတ်နဲ့ အကြမ်းဖက်ဘေးအန္တရာယ်က ကင်းဝေးအောင် တိမ်းရှောင်နေရတဲ့ ကာလမှာ အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားခြင်းကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို အသက်နဲ့ရင်းပြီး အကာအကွယ်ပေးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ကျွန်တော့်အတွက် စံပြပါပဲ။ အဲဒီပုဂ္ဂိုလ်ကတော့ ဆရာတော် ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) ဖြစ်ပါတယ်။ ဆရာတော်အနေနဲ့ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို စတင်ကူညီ စောင့်ရှောက်ပေးခဲ့တဲ့ ကာလက စပြီး ကျွန်တော်နဲ့ အဆက်အသွယ်မပြတ်ရှိခဲ့ပါတယ်။ တန့်ဆည်မြို့နယ်အတွင်းမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက ကိုယ့်ရွာသားအချင်းချင်းသတ်၊ အိမ်တွေကို မီးရှို့ဖျက်ဆီး လုပ်ခဲ့ကြတဲ့ ကာလကစပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရသူတွေကို ကိုယ်တိုင် ကားနဲ့ သွားခေါ်ပြီး ဆရာတော်ရဲ့ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်မှာ စတင်စောင့်ရှောက်ပေးခဲ့ရာကနေ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ ရေဦးမြို့နယ်တွေက PDF အကြမ်းဖက်သမားများရဲ့ ရန်ပြုစော်ကားသတ်ဖြတ်မှုကြောင့် တိမ်းရှောင်ရောက်ရှိလာကြတဲ့ မိသားစု ၆၀၀ လောက်အထိ ဆရာတော်ကျောင်းမှာ စောင့်ရှောက်ပေးခဲ့ရပါတယ်။
ဒီလိုစောင့်ရှောက်ပေးနေရင်းက PDF အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို ဒီလိုငြိမ်ခံနေလို့တော့ ပြီးမှာ မဟုတ်ဘူးဆိုတာကို တွေးမိပြီး နိုင်ငံတော်ကလည်း ပြည်သူ့စစ်များဖွဲ့စည်းပြီး ကိုယ့်ရပ်ကိုယ်ရွာကို ကာကွယ်ကြရမယ် ဆိုတဲ့ မူဝါဒထွက်လာတဲ့အချိန်မှာ ကျောင်းမှာ တိမ်းရှောင်ရောက်ရှိနေတဲ့ သူတွေကို စတင်စည်းရုံးပြီး ပြည်သူ့စစ်ဖွဲ့စည်းပေးခဲ့ပါတယ်။ ကျောင်းမှာ ပြည်သူ့စစ်ဖွဲ့စည်းပြီး လုံခြုံရေးအတွက် လုပ်ဆောင်လာနိုင်တဲ့အချိန်က စပြီး အကြမ်းဖက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတဲ့ ကျေးရွာတွေကို လှည့်လည်ပြီး ပြည်သူ့စစ်များဖွဲ့စည်းပြီး PDF အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်ကြဖို့၊ ရပ်ရွာအတွင်းမှာ အနီ အစိမ်း အေးချမ်းစွာ နေထိုင်ကြဖို့၊ ရပ်ရွာထဲမှာ ဆူပူအကြမ်းဖက်လုပ်တဲ့သူကို လက်ခံမထားဖို့ ရွှေပြည်အေးတရား လှည့်လည်ဟောကြားရင်း ပြည်သူ့စစ်အဖွဲ့ပေါင်းများစွာကို ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။
ချိုကြီး၊ မဖွေးစိန်တို့ ရောက်ရှိလာချိန်မှာ ဆရာတော်ထံ အရောက်သွားခဲ့ကြလို့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကို မျက်မြင်ဒိဋ္ဌ မြင်တွေ့ခွင့်ရသလို ဆရာတော်နဲ့အတူ ရွှေပြည်အေးတရား ပါဝင်ဟောပြောခဲ့ကြပါသေးတယ်။ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကို မျက်မြင်ဒိဋ္ဌ မြင်တွေ့ခွင့်ရရုံမျှမက ဆက်လက်ဆောင်ရွက်ရန် ကျန်နေသေးတဲ့ လုပ်ငန်းတွေအတွက်လည်း တိုင်ပင်ဆွေးနွေး ပြောဆိုဖြစ်ခဲ့ကြပါတယ်။
ဆရာတော်နဲ့အတူ လိုက်ပြီး အနီအစိမ်းမခွဲခြားဘဲ အေးချမ်းစွာ နေထိုင်ကြဖို့ ရွှေပြည်အေးတရားလည်း ဟောရင်းက ဆရာတော် မိုင်းစွဲတိုက်ခိုက်ခံရဲတဲ့ နေရာကိုလည်း ရောက်ဖြစ်တယ်။ ငါတို့တွေ သွားနေတုန်းများ မိုင်းစွဲလိုက်ရင်တော့ တပြုံကြီး ပါသွားမှာပဲလို့ တွေးပူမိတယ်။ ဆရာတော်ကိုယ်တိုင်တောင် မိုင်းစွဲတိုက်ခိုက်ခံရတောင် မကြောက်တမ်း မရွံ့တမ်း သွားလာလှုပ်ရှား ဆောင်ရွက်နေသေးတာပဲ။ ငါတို့က ခဏတဖြုတ်လာတာ။ ဖြစ်ကာမှ ဖြစ်ရောဆိုတဲ့ စိတ်နဲ့ ဆရာတော်လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို မျက်မြင်ဒိဋ္ဌ လိုက်လံကြည့်ရှုခွင့်ရ၊ ခဏတဖြုတ် ကူညီဆောင်ရွက်ခွင့် ရခဲ့ပါတယ်။
ဆရာတော် ဦးဝါသဝ အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကိုယ့်အသက်ကို စွန့်လှူးပြီး လုပ်ဆောင်နေတဲ့ ဒေသတည်ငြိမ်ရေး လုပ်ငန်းစဉ်တွေဟာ ဒီထက်မကျ ပိုမိုတွင်ကျယ် အောင်မြင်သင့်ပါလျက်နဲ့ ဘာကြောင့် မအောင်မြင်ရတာလဲ ဆိုတဲ့ အဖြေကို ရှာကြည့်ကြပါစို့။ တန့်ဆည်မြို့နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို သတင်းအနေနဲ့လည်း အဆက်မပြတ် ဖော်ပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထဲမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အလိုရှိသော ရဲတပ်ဖွဲ့ဝင်များရှိသလို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ပြီး ကိုယ်ကျိုးရှာလိုတဲ့ ရဲများလည်း ရှိနေပါတယ်။ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ မမို့မို့ဝင်ရဲ့ ခင်ပွန်း ကိုကျော်မျိုးသက် ကို ခေါ်ယူပြီး ဘုန်းကြီးကျောင်းပေါ်မှာ သတ်လိုက်ကြတဲ့ အနီဘုန်းကြီး ဦးစန္ဒိမာ နဲ့ NLD ခေါင်းဆောင်များ အခုချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိပါဘူး။ ဦးစန္ဒိမာကို ရဲစခန်းက ဖမ်းပြီး ၂ရက် အချုပ်ထဲမှာ ထားပြီးမှ နောက်က ငွေထုပ်နဲ့ လိုက်ထုတ်တဲ့အတွက် ဒုရဲအုပ်က လွှတ်ပေးလိုက်ပါတယ်။ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်မိသားစုရဲ့ အိမ်ကို PDF အကြမ်းဖက်သမားတွေက ဝိုငးထားတဲ့အချိန် ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးက မြို့ပေါ်မှာရှိနေတဲ့ ခင်ပွန်းဖြစ်သူကို အသက်အန္တရာယ်ကြားကနေ လာကယ်ဖို့ အကူအညီတောင်းတယ်။ ရဲတပ်ဖွဲ့ဝင်က မြို့နယ်မှူးကို တင်ပြတော့ နောက်နေ့မှ အလောင်းသွားကောက်လိုက်လို့ ပြောတယ်။ ၆လောင်းပြိုင် အသတ်ခံခဲ့ရတယ်။ နေအိမ် ၂လုံးကိုပါ မီးရှို့ပြီး တခါတည်း သင်္ဂြိုလ်ထားခဲ့ကြတယ်။ တန့်ဆည်မြို့နယ်အတွင်းမှာ စစ်ကြောင်းလာမယ့်နေ့ အကြမ်းဖက်သမားက ကြိုတင်သတင်းရပြီး တိမ်းရှောင်နိုင်ပါတယ်။ အဓိက ပြဿနာကတော့ ဖရဲသီး ပြဿနာပဲဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့လည်း ဆရာတော်က ဖရဲသီးပြဿနာက ဆိုးတဲ့အကြောင်း မကြာခဏ ပြောဖူးပါတယ်။ PDF အကြမ်းဖက်သမားက အပြစ်မဲ့ပြည်သူတစ်ယောက်ကို ဒုက္ခပေးနေပြီ။ သတ်တော့မှာလား၊ အိမ်မီးရှို့တော့မှာလား စိုးရိမ်ရတဲ့ အခြေအနေမှာ ရဲ၊ တပ်ကို ဆက်သွယ်သတင်းပေးခဲ့တာတွေ ရှိတယ်။ ဘယ်သူမှ ထွက်လာပြီး မကယ်ပေးဘူး။ ဆရာတော်ရဲ့ လက်တစ်ကမ်းမှာ ကိုယ့်ပြည်သူစစ်နဲ့ကိုယ် သွားကယ်လိုက်ရင် ရနိုင်တဲ့အခြေအနေမှာ သူတို့ကို အားကိုးယုံကြည်ပြီး သတင်းပေးခဲ့ပေမယ့် အားကိုးမရခဲ့ဘူး။ ကန့်ဘလူမြို့ပေါ်မှာဆိုရင် မြို့နယ် မစဖ အဖွဲ့ဝင် တပ်အရာရှိက လက်နက်၊ မူးယစ်ဆေး မှောင်ခိုလုပ်နေတဲ့သူနဲ့ တွဲနေတယ်။ ဒီလူကို ဖမ်းဖို့ကြတော့ မြို့နယ် ကို သတင်းပေးပြီး ဖမ်းခိုင်းရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်တော့မယ်ဆိုတာ သိလို့ ကိုယ်တိုင်သွားဖမ်းပြီး တာဝန်ရှိသူတွေ လက်ထဲ အပ်ပေးခဲ့ရတယ်။ တကယ်တော့ ပြည်သူတွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အသက်ကို အရင်းတည်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနေခြင်းဟာ ရဲ၊ ဥပဒေအရာရှိ၊ တရားသူကြီးတွေ စားပေါက်အတွက် ဖန်တီးပေးနေရသလိုပါပဲ။ တာဝန်သိပြည်သူက ပူးပေါင်းဆောင်ရွက်တယ်။ တာဝန်ရှိသူတွေက ဥပဒေလက်တစ်လုံးခြားလုပ်ပြီး ကိုယ်ကျိုးရှာတယ်။ အကြမ်းဖက်သမားကို သက်ညှာပေးတယ်။
ကန့်ဘလူမြို့မှာ အကြမ်းဖက်လှုံ့ဆော်မှုတွေလုပ်ခဲ့တဲ့ ရှေ့နေ ၅ယောက် ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဖော်ပြခဲ့ပါတယ်။ အဲဒီ ၅ယောက်ထဲက ကျွန်းလှမြို့နယ်မှာ တပ်မတော်အရာရှိကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရှေ့နေထွန်းထွန်းနိုင်တစ်ယောက်သာ ဖမ်းဆီးခံရပြီး ကျန်တဲ့သူတွေက အခု ကန့်ဘလူတရားရုံးမှာ ပြန်ပြီး လုပ်စားနေကြပြီ။ လက်သုံးချောင်ထောင် အကြမ်းဖက်လှုံ့ဆော်ပြီး PDF ခေါင်းဆောင်လုပ်နေတဲ့ ရှေ့နေတစ်ယောက်က လူအများလေးစားတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဓာတ်ပုံရိုက်တင်ပြီး သူကပဲ သူတော်ကောင်းကြီးလိုလို ပြန်လည်ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ အောင်ကိုမြင့်(ခ) မိုးပျံ၊ တင်မြင့်ဝင်း၊ အေးမင်းထွန်း၊ နေအောင် တို့ တရားရုံးမှာ အမှုပွဲစား ပြန်လုပ်စားနေကြပြီ။ အကြမ်းဖက်မှုနဲ့ အဖမ်းခံရသူတွေရဲ့ အကျိုးတော်ဆောင်တွေ လုပ်နေကြပြီဖြစ်ကြောင်း တင်ပြထားတာ ကြာပါပြီ။
ဒီလိုကိစ္စတွေကို ဖော်ထုတ်တင်ပြမယ့် မီဒီယာကလည်း နည်းတယ်။ ကျွန်တော်တို့ မီဒီယာရဲ့ ပျံ့နှံ့မှုအားကလည်း နည်းပါတယ်။ ဆရာတော်က မြေပြင်အခြေအနေမှန်တွေကို တင်ပြတယ်။ မီဒီယာဆိုရင် ကြောက်ကြတယ်။ အမှန်တွေ ဖော်ပြမှာကို မလိုလားတာ။ မဟုတ်မမှန် ဖော်ပြနေတဲ့ မီဒီယာတွေကိုလည်း ကြောက်သလို ဟုတ်တိုင်းမှန်စွာ ဖော်ပြတဲ့သူတွေ အပေါ်မှာလည်း သူတို့ရာထူးအာဏာကို ထိပါးလာမယ့်အရေးမြင်ရင် မလိုလားတော့ပါဘူး။ ဘယ်မီဒီယာမှ မရှိလေ လုပ်ချင်ရာ လုပ်လို့ ကောင်းလေပါပဲ။ ဘုန်းတော်ကြောင့် အေးချမ်းလျက်ရှိကြောင်းပါလို့ လိမ်ညာဖြီးဖြန်းလို့ ပိုကောင်းတာပေါ့။
ဆရာတော်က တစ်ရွာပြီး တစ်ရွာ ပြည်သူ့စစ်အဖွဲ့ဝင်များ ဖွဲ့စည်းကာကွယ်နိုင်ရေး လိုက်လံစည်းရုံးဟောပြောတယ်။ ဆရာတော်နဲ့အတူ မြို့နယ်အဆင့်က တာဝန်ရှိသူတွေ လိုက်ပါစည်းရုံးဟောပြောမယ်၊ နိုင်ငံတော်ရဲ့ မူဝါဒတွေကို စနစ်တကျ ရှင်းပြမယ်။ ရွာသူရွားသားတွေ ပိုပြီး နာလည်လက်ခံလာမယ်။ ဘယ်သူမှ လိုက်မပေးတဲ့အပြင် ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေ ဘာတွေ မှားနေလဲ ဆိုတာကို စောင့်ကြည့်ပြီး ပြစ်တင်ပြောဆိုကြတယ်။ သူတို့မှာ တာဝန်ရှိပြီး သူတို့ လုပ်ရမယ့် အလုပ်ကို တာဝန်လည်းမရှိ၊ ရာထူးလည်း မရှိတဲ့ ဘုန်းကြီးက လုပ်ပေးနေတာကို ကူညီတယ်လို့ မမြင်ဘဲ ဝင်ရှုပ်တယ်ဆိုတယ်ဆိုတဲ့ အမြင်နဲ့ အချွန်နဲ့ မဖို့ ချောင်းနေကြသူတွေလည်း ရှိတယ်။
ဆရာတော်ဦးဝါသဝ က "ဦးဇင်းလည်း တခါ တခါ ပြန်စဉ်းစားပါတယ်။ ငါရှေ့ဆက်တိုးသင့်သလား။ ရပ်သင့်ပြီလား။ ပြီးပြီလား။ တခါ PDF က သတ်လိုက်လို့၊ ဖမ်းသွားလို့ ဆိုတဲ့ သတင်းကြားရပြန်တော့လည်း ငါ့အလုပ်က အခုမှ အစပဲ ရှိသေးတယ် ဆိုပြီး ဆက်တိုးနေရတာပါပဲ" လို့ မိန့်ကြားဖူးပါတယ်။
မြန်မာပြည်က လူတွေဟာ ကြောက်စရာ ကောင်းတယ်။ ရာထူး အာဏာရှိတဲ့သူကလည်း ရာထူးအာဏာကို ထိခိုက်မယ့် အလုပ်မျိုး မလုပ်ဘူး။ တည်ငြိမ်အေးချမ်းရေးကို လိုလားသူက နည်းပြီး ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာချင်တဲ့ သဘောကို တွေ့နေရတယ်။ ရာထူးအာဏာ မရှိတဲ့ ပြည်သူတွေကြပြန်တော့လည်း ခလုတ်ထိမှ အမိတ၊ အခက်အခဲ ဒုက္ခရောက်ချိန်မှာ အသက်နဲ့ရင်းပြီး ကူညီစောင့်ရှောက်ပေးတဲ့ ဆရာတော်ကိုတောင် နောက်ကွယ်မှာ ဖောင်းထုနေကြသူတချို့လည်း ရှိတာကို သိရတယ်။
ဒီအရေးအခင်းကြီး အမြန်ပြီးဆုံးဖို့ ဆိုရင်တော့ ဦးဝါသဝလို ပုဂ္ဂိုလ်တွေ အများကြီး လိုအပ်နေတာ အမှန်တရားပါ။ ဦးဝါသဝလို လုပ်ရင် ဦးဝါသဝ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲမျိုးတွေကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ တာဝန်ရှိတဲ့သူတွေက အကြမ်းဖက်သမားကို မနှိမ်နင်းဘဲ ဦးဝါသဝ ကို ပြစ်တင်ပြောဆိုသလို ပြောဆိုမှုတွေကိုလည်း ကြံ့ကြံ့ခံနိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တာဝန်မကျေဘူးလို့ ခံစားမိတာကတော့ ဦးဝါသဝ လို အများပြည်သူကို အကာအကွယ် မပေးနိုင်လို့ပါ။ ဦးဝါသဝ လို ဘဝနဲ့ ရင်းပြီး အများပြည်သူအတွက် မပေးဆပ်နိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကို တာဝန်မကျေဘူးလို့ ခံစားမိနေပါတယ်။
ဦးဝါသဝ၊ ကိုချိုကြီး တို့နဲ့ စကားဝိုင်းဖွဲ့ ပြောဖြစ်ကြတဲ့အခါမှာ ဆရာတော်က "တခြားနေရာတွေကိုတော့ ဘုန်းကြီး အာမခံဘူး။ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်တွေအတွင်းမှာ တည်ငြိမ်အေးချမ်းဖို့ ပြည်သူ့စစ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးစမ်းပါ။ ၃လအတွင်း ပြီးပြတ်သွားစေရမယ်လို့ အာမခံပါတယ်။ တန့်ဆည်မြို့နယ် မြောက်ခြမ်းမှာ PDF စိုးမိုးနေတယ်။ မနှိမ်နင်းနိုင်ဘူး။ ပြည်သူ့စစ်က သွားနှိမ်နင်းလို့ မရဘူး။ စစ်ကြောင်းက ရှင်းသွားပေးပြီး ပြည်သူ့စစ်က ထိုင်ပေးမှ ရမယ်။ ကျွန်းလှမြို့နယ်အတွင်းမှာ ရေနံတွင်းတွေကနေ ဆက်ကြေးကောက်နေတော့ ငွေကြေးရတယ်။ ငွေရှိနေတော့ လက်နက်က မခဲယင်းဘူး။ KIA က အမြတ်ထွက်နေတာပဲ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်မီးတောက်အောင် လုပ်နေတာ KIA ပဲ။ နယ်မြေအခြေအနေမှန်တွေကို တင်ပြတယ်။ ဒီအပေါ်မှာ ဆုံးဖြတ်ချက် မှန်ကန် ပြတ်သားဖို့ပဲ။ တကယ်လုပ်ရင် ၃လနဲ့ ပြီးပါတယ်" လို့ ဆွေးနွေးခဲ့ဖူးပါတယ်။
ဆရာတော်ဦးဝါသဝ ကို ဒုတိယမြိုင်ကြီးငူဆရာတော် လို့ တင်စားခြင်းက ကျွန်တော်ဖန်တီးပြီး ဂုဏ်တင်ပြောဆိုခြင်း မဟုတ်ပါဘူး။ ဆရာတော်ရဲ့ ကယ်တင်စောင့်ရှောက်မှုကြောင့် အသက်ချမ်းသာရာ ရနေကြတဲ့ ကန့်ဘလူမြို့နယ်အတွင်းက ဆရာတော်ရဲ့ ကျေးဇူးတရားကို သိတတ်နားလည်တဲ့ တပည့်တွေက သူတို့ဆရာတော်ကို မြိုင်ကြီးငူဆရာတော်နဲ့ တင်စားပြီး ဂုဏ်တင်ပြောဆိုကြခြင်း ဖြစ်ပါတယ်။
ရာထူးအာဏာမရှိတဲ့ သံဃာတော်တပါးက အခုလို အသက်နဲ့ ရင်းပြီး ကူညီဆောင်ရွက်ပေးနေတာတွေကို တာဝန်ရှိသူတွေက အလေးမထားဘူး။ ရာထူး တာဝန်တွေမှ အားမနာ အကြမ်းဖက်သမားဆီက လာဘ်လာဘယူပြီး တည်ငြိမ်အေးချမ်းမှု လိုလားတဲ့ ပြည်သူတွေ အတိဒုက္ခရောက်အောင် လုပ်နေကြသူတွေကိုတော့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေထက်ပိုပြီး ရွံမုန်းစရာ ဖြစ်နေတယ်။
တပ်မတော်ဦးဆောင်တဲ့ နစက အစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘူးဆိုရင်လည်း ပြတ်ပြတ်သားသား CDM လုပ်လိုက လုပ်၊ ထွက်လိုက ထွက် ပြတ်သားစွာ ရပ်တည်လို့ ရပါတယ်။ ရာထူးအာဏာလည်း မစွန့်နိုင်ဘူး။ အကြမ်းဖက်အားပေးလုပ်ပြီး ကိုယ်ကျိုးရှာလိုတဲ့ သူတွေရဲ့ ရပ်တည်ချက်တွေက ပြည်ဖျက်မိစ္ဆာတွေထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။
နစက အစိုးရရဲ့ ယန္တရားဟာ ဒီလောက်အထိ တိမ်းစောင်းစရာ အကြောင်းမရှိပါဘူး။ နစကရဲ့ ယန္တရား တိမ်းစောင်းသွားရခြင်းက CDM လုပ်သွားသူတွေကြောင့် မဟုတ်ပါဘူး။ PDF အကြမ်းဖက်သမားတွေကြောင့်လို့ ပြောမရပါဘူး။ နစက ရဲ့ လက်အောက်မှာ ရှိနေတဲ့ အထူးသဖြင့် ပြည်ထဲရေးနဲ့ တရားရေးအောက်မှာ ရှိတဲ့ ဥပဒေစိုးမိုးရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရသူတွေက နစက နာမည်ပျက်အောင် ရည်ရွယ်ချက်ရှိရှိ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတာတွေကိုလည်း ထည့်သွင်းပြောဆိုမှ ပြည့်စုံပါလိမ့်မယ်။
နစက ဟာ မဲသူခိုးပါတီ NLD လက်ထဲက ဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူ တာဝန်ထမ်းဆောင်လိုက်ရတဲ့ နေ့ကစလို့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ရဲ့ နောက်ဆက်တွဲ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ယုတ်မာရိုင်းစိုင်းနေမှုတွေကို အတိုင်းအတာတစ်ခုအထိ ငဲ့ညှာခဲ့ပြီးဖြစ်လို့ ဥပဒေကြောင်းအရ လုပ်ရမယ့်ကိစ္စတွေမှာ မှန်မှန်ကန်ကန် တိတိကျကျ လုပ်ဆောင်လာမယ်ဆိုရင် နေ့စဉ်သတ်ဖြတ်ခံနေရမှုတွေ အဆုံးသတ်သွားမှာဖြစ်ပါတယ်။
ကျွန်တော် ဦးဝါသဝ ကို လေးစားတယ်။ သူကိုယ်တိုင် မိုင်းစွဲတိုက်ခိုက်ခံခဲ့ရတယ်။ PDF ကို ကြောက်ပြီး သူ့လုပ်ငန်းစဉ်တွေကို ရပ်တန့်မသွားဘူး။ PDF ဆိုတဲ့ အကြမ်းဖက်သတ္တဝါတွေဟာ ပြည်သူ့စစ်ကိုတောင် ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ အလစ်အငိုက် လက်နက်မဲ့ ရဟန်းရှင်လူပြည်သူကို လုပ်ကြံသတ်ဖြတ်တဲ့ ယုတ်မာရိုင်းစိုင်း အောက်တန်းကျလွန်းတဲ့ အကြမ်းဖက်သမားတွေ ဖြစ်ပါတယ်။ PDF တွေ ယနေ့ အချိန်အထိ ရှင်သန်နေတာ နယ်မြေတာဝန်ရှိသူတွေက ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို မတင်ပြဘူး။ ဘုန်းတော်ကြောင့် နယ်မြေအေးချမ်းသယောင် သူတို့ရဲ့ အုပ်ချုပ်မှု ကောင်းမွန်တဲ့အတွက် နယ်မြေအေးချမ်းနေသယောင် သတင်းတွေ ထိန်ချန်ထားကြလိမ့်မယ်။ နိုင်ငံတော်အဆင့် မူဝါဒ ချမှတ်သူတွေက အခြေအနေမှန်ကို မသိဘူး။
ကိုယ့်လူတွေ တကယ်ပဲ အလုပ် လုပ်နေကြတယ်ထင်ပြီး အကြမ်းဖက်အန္တရာယ်ကို ပေါ့ပေါ့တွေးပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စတွေကို အလေးထား လုပ်ဆောင်နေကြတယ်။ ဒါက အပြစ်တင်စရာ မရှိပေမယ့် လူ့အသက်ထက် ဘယ်ဟာမှ ပိုအရေးမကြီးဘူးဆိုတဲ့ နစက ဥက္ကဋ္ဌ ရဲ့ စကားကို အခြေခံပြီး ပြောရရင် အောက်ခြေယန္တရားမှာ ဖြစ်ပျက်နေတာက NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေကလည်း အပြစ်မဲ့ ရဟန်းရှင်လူကို လုပ်ကြံသတ်ဖြတ်ပြီး ပြည်ပြေးတွေဆီက ငွေကြေးအထောက်အပံ့တောင်းယူနိုင်သလို အဂတိမကင်းတဲ့ သူတွေကလည်း အမှုဖြစ်လေ ပိုက်ဆံရှာလို့ကောင်းလေ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်ကို အရင်းတည်ပြီး စီးပွားရှာကြသူတွေလို့ ပြောရင် မမှားပါဘူး။
နစက အစိုးရရဲ့ ယန္တရား ယိုင်နဲ့ နေရခြင်းနဲ့ ပတ်သက်လို့ ပြောခဲ့ပြီးပါပြီ။ နစကအစိုးရရဲ့ ယန္တရားတွင်းမှာလည်း NLD အစွန်းရောက်တွေရဲ့ ပြည်ဖျက်စီမံကိန်းကို သိရှိနားလည်ကြသူတွေ အများအပြား ရှိပါတယ်။ ဒီလို တာဝန်သိပုဂ္ဂိုလ်တွေ အနေနဲ့ကြတော့လည်း ကိုယ့်လက်အောက်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်ထဲမှာ ဘယ်သူက ဖရဲသီးလဲ မသိရတဲ့အခါ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ရာမှာတောင် အခက်အခဲ ရှိပါတယ်။
ဆရာတော်က ဖရဲသီးပြဿနာနဲ့ ပတ်သက်လို့ မိန့်ကြားရာမှာလည်း လုပ်စားတာကို အပြစ်မပြောလိုဘူး။ တည်ငြိမ်အေချမ်းတဲ့ နေရာမှာ လုပ်စား၊ အခြားနည်းနဲ့ လုပ်စား၊ အကြမ်းဖက်လုပ်ရပ်တွေအပေါ်မှာတော့ လုပ်မစားသင့်ကြောင်း အပြုသဘောဆန်ဆန် မိန့်ကြားပါတယ်။ နားလည်ပေးတတ်ပါတယ်။ ခွင့်လွှတ်သည်းခံတတ်ပါတယ်။ တည်ငြိမ်အေးချမ်းဖို့ လုပ်နေရတဲ့ ဒေသတွေမှာ ဖရဲသီးတွေကို မထားသင့်ကြောင်းလည်း မိန့်ကြားပါတယ်။ ဆရာတော်ရဲ့ ရည်ရွယ်ချက်က အနီကိုလည်း မထိခိုက်စေချင်ဘူး။ အစိမ်းကိုလည်း အနိုင်ကျင့်စော်ကားတာမျိုး မလုပ်စေချင်ဘူး။ သို့ပေသော် အနီတွေက KIA နဲ့ ပေါင်းပြီး ကိုယ့်ရွာသူရွာအချင်းချင်း လုပ်ကြံသတ်ဖြတ်သည်အထိ ယုတ်မာရိုင်းစိုင်းနေကြတဲ့ ကာလမှ ယုတ်မာရိုင်းသော အကြမ်းဖက်သမားများကို နှိမ်နင်းရေးက အဓိက လုပ်ငန်းစဉ် ဖြစ်လာတယ်။ ကျေးရွာတွေမှာ အနီ အစိမ်း အေးအေးဆေးဆေးနေကြ။ ကျေးရွာကို ဖျက်ဆီးတဲ့သူကိုတော့ ရွာမှာ မထားကြနဲ့။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ဘူးဆိုရင် နောက်နှစ်မှာ ပိုပြီး အတိဒုက္ခရောက်ကြမယ်။ ပြည်သူအများ ပိုပြီး အတိဒုက္ခရောက်ရမယ့် အခြေအနေတွေကို တွေ့မြင်နေလို့ အမြန်ဆုံးတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ကြဖို့ ဆရာတော်အနေနဲ့ တာဝန်ရှိသူ အဆင့်ဆင်ကို တင်ပြသလို သူကိုယ်တိုင်လည်း ကိုယ့်အသက်ကို ပဓာနမထားဘဲ ကြိုပမ်းဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။
နစကအစိုးရရဲ့ ယန္တရားအတွင်းက တာဝန်ရှိသူတွေ၊ တာဝန်ရှိသည့်အလျှောက် တာဝန်သိသူတွေ၊ အချုပ်အခြာအာဏာကို အလေးထားတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဦးဝါသဝလို တာဝန်သိ ရဟန်းရှင်လူ ပြည်သူတွေ ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုခြင်းမရှိဘဲ အချုပ်အခြာတည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နီးကပ်စွာ လက်တွဲ ဆောင်ရွက်ခွင့် ရမယ်ဆိုရင်ဖြင့် ဆရာတော်ဦးဝါသဝ မျှော်လင့်သလို ၂လအတွင်း၊ ၃လအတွင်း အကြမ်းဖက်လှုပ်ရှားမှုတွေ ချုပ်ငြိမ်းသွားနိုင်ပါတယ်။ အစိုးရယန္တရားအတွင်းမှာ နေရာမပျောက် ရပ်တည်နေပြီး အကြမ်းဖက်အားပေး၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြသူတွေအနေနဲ့လည်း အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအပေါ် မိမိတို့ရဲ့ မိသားစုဝင်များလို ကိုယ်ချင်းစာတရားထားပြီး နစကအစိုးရရဲ့ တည်ငြိမ်အေးချမ်းရေး မူဝါဒတွေ၊ ဥပဒေစိုးမိုးရေး လမ်းညွှန်ချက်တွေကို တိကျသေချာစွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြဖို့ မျှော်လင့်မိပါကြောင်း ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment