နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု








MNP ၊ ဇူလိုင် ၁၉

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဂါရဝပြုသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များက အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တက်ရောက်လာကြသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြပြီး နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေကြသည်။


ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြသည်။


ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သအမျှပေးဝေကြသည်။


ဆက်လက်၍ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။


ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ/ပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်း စာဆရာအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း တို့အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြ သည်။


ယင်းနောက် (၇၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုကြသည့် ပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျတန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။


၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)