၁။ ဇူလိုင်မိုးသည်၊ ဆယ့်ကိုးနေ့ရက်၊ အမည်းစက်ကို၊ ပျက်လိုပျက်ငြား၊ တိမ်ညိုကြားမှ၊ ငွေမြှားတန်ကြဲ၊ တဖွဲဖွဲတည့်။
၂။ ဤချိန်ခါ၏၊ ဆယ်နာရီလွန်၊ သုံးဆယ့်ခွန်တွင်၊ အတွင်း ဝန်ရုံး၊ ယမ်းငွေ့ဖုံးလျက်၊ ဒုန်းဒိုင်းဆူညံ၊ သေနတ်သံတို့၊ လွင့်ပျံဆူပွက်၊ ကမ္ဘာပျက်တာ၊ ၁၉၄၇မှာဖြစ်ခဲ့သည်။
၃။ သွေးအိုင်ထဲမှာ၊ လဲကျရှာရ၊ ဇာနည်ထိပ်တန်း၊ ဗိုလ်အောင်ဆန်းနှင့်၊ ပန်းရှစ်ပွင့်။
၄။ အာဇာနည်အပေါင်း၊ ကျဆုံးကြောင်းကို၊ ပြန်ပြောင်းတွက်စစ်၊ ကြာသည့်နှစ်ကား၊ ၇၅ ပင်ရှိလေပြီ။
၅။ ခုနစ်ဆယ့်ငါးနှစ်၊ ကြာပြီဖြစ်လည်း၊ အသစ်လိုပဲ၊ စိတ်ကစွဲထင်၊ ရင်ထဲအောက်မေ့၊ တမြေ့မြေ့။
၆။ ဗိုလ်ချုပ်ဖခင်၊ သူရှိစဉ်က၊ သူပြောပြသည့်၊ မိန့်ဟမြွက် ကြား၊ သူ့စကားသည်၊ ခုများတိုင်ပင်၊ အသက်ဝင်လျက်၊အံဝင်ခွင်ကျ၊ရှိလွန်းရကား၊ ပြန်နားထောင်က၊ကြားရမည်....
*ပန်းတိုင်မဝင်၊ မရောက်ခင်က၊ တက်ထောင်ပြသည့်၊ မာနထောင်လွှား၊ လှေသမားနှင့်၊ နောက်တွင်ကျသော်၊ တက်ချပြီးကာ၊ အားလျှော့ပါသည့်၊ ပညာနည်းပါး၊ လှေသမားတို့လို၊ မမြတ်စိတ်ဓာတ်၊ မထားအပ်ဟု၊ ပြတ်ပြတ်သားသားပြော၍သွား။
*မြန်မာတွေ၊ စိတ်ထက်သလေး၊ ဘာလေးနဲ့၊ ကိုယ့်သွေး ကိုယ့်သားအချင်းချင်း၊ မင်းလုတိုက်ပွဲ၊ ဆင်ကာနွဲကြ၊ တလွဲဆံပင်ကောင်းနေ၊ ကိုယ့်တိုင်းပြည်ပြန်လည်ထူထောင်ရေး၊ မတွေးကြဘူး၊ အထူးမိန့်ကြား၊ ဖ-စကား။
*ကရင်တခြား၊ ရှမ်းတခြားနှင့်၊ ကယားကချင်၊ မချစ်ခင်ကြ၊ မွန် ဗမာ ရခိုင် ချင်း၊ ကွဲခြင်းရှိက၊ မညီကြလျှင်၊ မှန်ပင် လွတ်ရေး၊ လွတ်လမ်းဝေးမည်၊ပြည်သူများ။
*ကုန်းကာ ရုန်းကာ၊ လုပ်နိုင်ပါမှ၊ နောင်ခါရှေ့ဝယ်၊ နှစ် ၂၀ မှာ၊ တော်ကာကျမည်၊ မိန့်ဟမြွက်ကြား၊ ဖ-စကား။
*လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း၊ လူနှင့်လူချင်း၊ အခွင့်အရေးတန်းတူ၊ ကျပ်ပြည့်တင်းပြည့်၊ မရှိသေးသမျှ၊ ဒီမိုကရေစီကျပ်ပြည့်တင်းပြည့်၊ မဟုတ်သေးလို့ မြင်တွေးတာကို၊ ရှင်းဆိုပြောသွား၊ ဖ-စကား။
*ပြည်သူတွေက၊ တင်မြှောက်ကြလို့၊ ပြည်သူ့အစိုးရ၊ ဖြစ်ရုံမျှနဲ့၊ မပြီးလှသေး၊ ပြည်သူ့အကျိုး၊ သယ်ပိုးပေးတဲ့အစိုးရ၊ ဖြစ်မှသာလျှင်၊ ဒီမိုကရေစီတိုင်းပြည်၊ ခေါ်နိုင်သည်ဟု၊ ရှင်းလင်းပြောကြား၊ ဖ-စကား။
*ဗြဟ္မစိုရ်တရား၊ လက်ကိုင်ထား၍၊ အများပြည်သူ၊ ဆင်းရဲလူတို့၊ ကောင်းဖို့ဝါဒ၊ မြန်ပြည်လှဖို့၊ ချမှတ်ရမည်၊ ဖခင်ရည်သည့်၊ ထိုစကား။
၇။ပြည်ထောင်စုနိုင်ငံ၊ ပြန်လည်ဖြစ်ရေး၊ တို့ဘေး တို့ဘ တို့အဖတို့ ၊ ချွေး သွေး အသက် မျက်ရည်စက်တွေ၊ ပေးဆက်ခဲ့ကြ၊ မမေ့ကြနဲ့၊ ကောင်းရာသုဂတိ၊ ရောက်ရှိနေကြ၊ ဖဗိုလ်ချုပ်နှင့် ရိုးကုတ်ကြိုးစား၊ ဇာနည်များ၏၊ မှန်းသည့်ပန်းတိုင်၊ လှမ်းနိုင်ရေးအတွက်၊ တွဲလက်မပျက်၊ "ဒီ" ခရီးဆက်ဖို့၊ ညီညွတ်စို့။ ငြိမ်းချမ်းသာယာ၊ ပြည်မြန်မာလှ၊ အားသစ်ရဖို့၊ စည်းလုံးစို့။အာဏာအတွက်၊ လူသတ်ရက်သည့်၊ လက်နက်အားကိုး၊ စရိုက်ဆိုးကို၊ ရိုက်ချိုးတော်လှန်ပစ်ကြစို့။ မြန်မာပြည်သစ်ရစေဖို့၊ အာဇာနည်နေ့၊ ဓိဋ္ဌာန်စို့။
မောင်ဗိုလ်ထွေး (နတ်မောက်)
[ယခု အသက် ၉၇ နှစ်ရှိ ဆရာဦးဗိုလ်ထွေးသည် အသက်၁၈နှစ်က ဗိုလ်ချုပ်အောင်ဆန်း၏ BIA တပ်တွင်အမှုထမ်းဖူးသည်။ ဆရာတော်ဦးသောဘိတ ပျံလွန်တော်မူစဉ် ဧယဉ်ကျူး၌ သိကြားမင်းလုပ်ခဲ့ရသည်။ ၁၉၉၀ NLD အမတ်ဖြစ်ခဲ့၍ ၁၉၅၇မှ ၁၉၈၈ထိ ပညာတန်ဆောင်တွင်ရေးခဲ့သော မောင်ဗိုလ်ထွေး(နတ်မောက်)ကလောင်ရိုက်ချိုးခံရသည်။ NLD နှင့်နတ်မောက်လူထုအပေါ် သစ္စာမဖောက်သော န.ဝ.တ၊ န.ယ.က အစိုးရ ခြိမ်းခြောက်ဖမ်းဆီး အကြပ်ကိုင်မှုကို ကြံ့ကြံ့ခံရပ်တည်ခဲ့သော အသက်အရှည်ဆုံး သက်ရှိထင်ရှား ပင်စင်စား ဆရာတဦး ၁၉၉၀ NLDအမတ်ဖြစ်ပါသည်။
ကဗျာပေးပို့သူ ကိုဌေး(နတ်မောက်)]
https://t.me/MyanmarNationalPost
No comments:
Post a Comment