MNP - ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်များ အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အထက-၁ ရွှေရတုခန်းမတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းနွယ်က ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းခိုင်က ကလေးသူငယ်များ အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ကိုယ်တိုင်သိရှိ နားလည်ရေး၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ မိုင်းအန္တရယ် အသိပညာပေးခေါင်းစဉ်များအား ဟောပြောခဲ့သည်။ ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးစစ်နိုင်ထွန်းက သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ များကို ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲနှင့် ပတ်သက်ပြီး သိသင့် သိထိုက်သည့်အချက်များ၊ အမေး အဖြေများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးရာ ဖြေဆိုနိုင်သူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ ်ပညာရေးမှူး၊ အထက-၁ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း- မြင့်မြင့်ထွေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment