MNP - ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က ကျောင်းခန်းမ၌ ယမန်နေ့ညနေပိုင်းက (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် နဝမတန်းအောင်မြင်ပြီး ကျောင်းဆက်လက်တက်ရောက်နိုင်ခြင်းမရှိသော ကျောင်းသား/ကျောင်းသူများ၏ ကျောင်းသားမိဘများနှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တွေ့ဆုံပွဲကျင်းခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲ၌ ရှေးဦးစွာ ရေကြည်မြို့နယ်ပညာရေးမှူးဆရာကြီးဦးသန်းမော်က အခြေခံပညာအဆင့်အောင်မြင်ပြီး ကျောင်းသား၊ကျောင်းသူများ၏ ဘဝတိုးတက်မှု အခွင့်အလမ်းများနှင့် အခြေခံပညာအဆင့်တွင်ဆရာ/ဆရာမများ၏ ပညာသင်ကြားပို့ချပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းများတွင် (စနစ်ဟောင်း)(စနစ်သစ်)နှစ်မျိုးစလုံးအား ကျောင်းသား/ကျောင်းသူများအတွက် အခွင့်အရေးတစ်ရပ်အနေဖြင့် ယခုနှစ်ပညာသင်နှစ်တွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးမျိုးမြင့်အောင်နှင့် အဖွဲ့ဝင်များက ကျောင်းသားမိဘများအားတွေ့ဆုံ၍ အခြေခံပညာကျောင်းများတွင် ယခုနှစ်ပညာသင်နှစ်တွင် နိုင်ငံတော်မှအထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ယခုအစီအစဉ်ကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားလျက် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-ကစာစစ်ဌာနရှိ အ-ထ-က၊ (ငါးသိုင်းချောင်း)၊ အ-ထ-က(ကွင်းလျား)၊ ကမ်းနီစာစစ်ဌာနရှိ အ-ထ-က(ကမ်းနီ)တို့မှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းသားမိဘများ တက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သတင်း - စိုးမင်းဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment