MNP ၊ ဇူလိုင် ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးစပါး တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိနိုင်အောင် ဆောင်ရွက်ကြမည့် ဧကပေါင်း(၁၀၀) စံပြစိုက်ကွက်တို့၌ မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများထံ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် လုပ်အားခနှင့် လုပ်ငန်းသုံးစာရိတ်များကို ဇူလိုင်လ ၅ ရက် နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပေးအပ်ခဲ့သည်။
ထောက်ပံပေးအပ်ရာတွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော်က မိုးစပါးများအထွက်နှုန်းတိုးမြှင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်သင်းသင်းဆင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်တို့က ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တစ်ဧက တင်း(၁၀၀)အထက်ထွက်ရှိအောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးနည်းပညာများ စသည်တို့ကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ရာသီ၌ ဒေးဗရိမ်းကျေးရွာတွင် စံပြစိုက်ကွက် ဧက(၅၀)နှင့် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် စံပြစိုက်ကွက် ဧက(၅၀) စုစုပေါင်း ဧက(၁၀၀) တို့အား တစ်ဧကလျှင် တင်း(၁၀၀)အထက် ထွက်ရှိနိုင်အောင် ဆောင်ရွက်ကြမည်ဖြစ်ရာ တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေးစာရိတ်လုပ်အားခများနှင့် လုပ်ငန်းသုံးစာရိတ်တို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် အရစ်ကျ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဒေးဗရိမ်းကျေးရွာနှင့် ကျိုက္ကော်ရပ်ကွက်ရှိ စံပြစိုက်ကွက်တို့မှ စိုက်ပျိုးတောင်သူများထံ ပထမအကြိမ်အဖြစ် တစ်ဧကလျှင် ငွေကျပ် ၁၈၈၅၀၀၊ စုစုပေါင်း ဧက(၁၀၀)အတွက် ငွေကျပ် ၁၈၈၅၀၀၀၀ ကို ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဧက(၁၀၀) စံပြစိုက်ကွက်၌ မိုးစပါးစိုက်ပျိုးမည့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - နဒီ
https://t.me/MyanmarNationalPost



No comments:
Post a Comment