MNP ၊ ဇူလိုင် ၁၄
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ် Mr. Peter Vowles က သူ၏ twitter စာမျက်နှာမှ မမှန်မကန် ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်ရှင်းလင်း ပြောဆိုထားသည်။
Mr. Peter Vowles ၏ တွစ်တာစာမျက်နှာ၌ ရေးသားချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းတုံ့ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles သည် မြန်မာနိုင်ငံမှ ထွက်ခွာရသည့် အကြောင်းရင်းကို ၁၃-၇-၂၀၂၂ ရက်က ၎င်း၏ တွစ်တာ စာမျက်နှာ၌ ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိသည့်အပြင် ဖြစ်ရပ်မှန်နှင့် ကွဲလွဲလျက်ရှိနေကြောင်း၊ ဗြိတိန်အစိုးရက Mr. Peter Vowles အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်နိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် ၂၉-၄-၂၀၂၁ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ၂၂-၆-၂၀၂၁ ရက်တွင် သဘောတူညီကြောင်း ပြန်ကြားခဲ့ကြောင်း၊ Mr. Peter Vowles သည် ၂၉-၇-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့ပြီး နောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ (Ambassador-Designate) တစ်ဦးအနေဖြင့် သံတမန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ ၎င်း၏ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို့ လည်းကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ပေးအပ်ရန် ရှောင်လွှဲ ခဲ့သူဖြစ်ကြောင်း သိရသည်။
သို့ပါ၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ Mr. Peter Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့ကြောင်း၊ ယင်းအခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က Mr. Peter Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအဖြစ် အဆိုပြုထားမှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၊ သံရုံးယာယီတာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲ အဆိုပြုခဲ့ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ် ရန် သဘောတူညီပြီး ဖြစ်သည့်အတွက် သံရုံးယာယီတာဝန်ခံ ခန့်အပ်မည် ဆိုပါက ၎င်းအစား အခြား ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် အဆိုပြုရန် ဖြစ်ကြောင်း မြန်မာဘက်က အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် Mr. Peter Vowles က ၎င်း၏ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက်၂၁-၆-၂၀၂၂ ရက်မှ ၁၅-၇-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြားရေးဝန်ကြီးဌာန က ခွင့်ပြုပေးခဲ့သည့် အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခု Mr. Peter Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာဖြစ်ကြောင်း တုန့်ပြန်ရှင်းလင်းထားသည်။
ယခုကိစ္စတွင် Mr. Peter Vowles အနေဖြင့် ခန့်အပ်လွှာပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီးအဖြစ် လာရောက်နေထိုင်လိုခြင်းဖြစ်ပြီး ဗြိတိန် ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ အနေဖြင့် သံတမန်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် Mr. Peter Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်း တုန့်ပြန်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် က "နစက အစိုးရက သူ့ကိုတိုင်းပြည်မှ အတင်းအကြပ် ထွက်သွားစေတဲ့ အတွက် မြန်မာနိုင်ငံမှာ သူ့ရဲ့တာဝန်ထမ်းဆောင်မှုဟာ စိတ်မကောင်း ဝမ်းနည်းဖွယ် ယနေ့ ရုတ်တရက် အဆုံးသတ်သွားတယ်" လို့ သူ၏ Twitter စာမျက်နှာမှာ တွင် ရေးသားဖော်ပြခဲ့သည်။
အမေရိကန်၊ အင်္ဂလန်(ဗြိတိန်) အပါအဝင် အနောက်အုပ်စု နိုင်ငံများမှ သံအမတ်များသည် NLD ပါတီ၏ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်သည့် လုပ်ရပ်များကို အားပေးထောက်ခံသည့် အကြမ်းဖက်အားပေးနိုင်ငံများအဖြစ် ရပ်တည်ခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရကို ပြည်သူအများက ဆန့်ကျင်လာအောင် လှုံ့ဆော်ရေးသား ထုတ်ပြန်မှုအမျိုးမျိုးကိုလည်း ထုတ်ပြန်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment