နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University နှင့် Peterhof (နွေရာသီနန်းတော်) တို့သို့ သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University နှင့် Peterhof (နွေရာသီနန်းတော်) တို့သို့ သွားရောက်လေ့လာ











MNP ၊ ဇူလိုင်  ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University နှင့် အထင်ကရနေရာတစ်ခု ဖြစ်သည့် Peterhof (နွေရာသီနန်းတော်) သို့ သွားရောက် လေ့လာသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Polytechnic State University သို့ ရောက်ရှိကြရာ တက္ကသိုလ်မှပါမောက္ခချုပ် Mr.Andrey Ivanovich Rudskoy နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အဝန်းအဝိုင်း ပုံစံငယ်များဖြင့် အဆောက်အဦနေရာချထားမှု အခြေအနေများ၊ ဘာသာရပ်အလိုက် သင်ကြားနိုင်သည့် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူတို့ အတွက် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ကျောင်းအစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်က တက္ကသိုလ်၏ လုပ် ငန်းဆောင်ရွက်မှုအခြေအနေများ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ နည်းပညာတက္ကသိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်လိုသည့် အခြေအနေများ၊ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသားများစေလွှတ်ဆောင်ရွက်ခဲ့မှုကို အခြေခံ၍ ပညာရေးဆိုင် ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်လိုသည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာ တော်သင် သင်တန်းသားများ ပညာသင်ကြားခဲ့မှု၊ လက်ရှိတွင်လည်း ပညာ တော်သင် သင်တန်းသားအရာရှိ အများအပြားတက်ရောက်လျက်ရှိသည့် အခြေအနေ များနှင့်  Polytechnic State University သို့လည်း သင်တန်းသားများ စေလွှတ်သင် ကြားသွားမည်ဖြစ်သည့် အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍  ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် Polytechnic State University ပါမောက္ခချုပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Polytechnic State University အတွင်းလှည့်လည်ကြည့်ရှုလေ့လာ ကြရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်မှ ဒီဇိုင်းရေးဆွဲထုတ်လုပ် ထားသည့် ကုန်ရေ နှစ်သွယ်သွား ရေယာဉ်၏ စွမ်းဆောင်နိုင်မှုများ၊ ကွန်ပျူတာ အလုံးရေ တစ်သောင်းကျော်၏ စွမ်းဆောင်ရည်နှင့် ညီမျှသည့် Super Computer ကို အသုံးပြု၍ ငလျင်တိုင်းတာတွက်ချက်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုင်းတာ တွက်ချက်ခြင်း၊ UAV နှင့် လေယာဉ် တို့မှ ရရှိသည့် အချက်အလက်များ အပေါ် မူတည်၍ 3D တွက်ချက်ခြင်း၊ Drawing ရေးဆွဲခြင်းများ၊ အာကာသ ဆိုင်ရာ တွက်ချက်ခြင်း၊ ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်းများအပါအဝင် အခြားတွက်ချက်မှု မှန်သမျှကို လုပ်ဆောင်နိုင်သည့် အခြေအနေများနှင့် သတ္တုထုတ်လုပ်မှုအလုပ်ရုံ တို့ လုပ်ဆောင်နိုင်မှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။


အဆိုပါ St. Petersburg Polytechnic State University သည် ရုရှားနည်းပညာ ဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်ပြီး Peter the Great Polytechnic Institute သို့မဟုတ် Kalinin Polytechnic Institute ဟုလည်း ခေါ်ဝေါ်ကြကြောင်း၊ ၁၈၉၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နိုဗယ်ဆုရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်လည်း ဖြစ်ကြောင်း၊ တက္ကသိုလ်ကို အင်ဂျင်နီယာဌာနခွဲ၊ ရူပဗေဒ ဌာနခွဲနှင့် စီးပွားရေးနှင့် လူမှု ရေး ဆိုင်ရာ ဌာနခွဲဟူ၍ ဌာနခွဲကြီး ၃ ခုဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အခြားသော CIS အဖွဲ့ဝင်နိုင်ငံ များ ကျောင်းသားများ အပါအဝင် ကျောင်းသားဦးရေ စုစုပေါင်း ၃၀၀၀၀ ကျော်ခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Peterhof Express ဆိပ်ကမ်းမှတဆင့် Peterhof (နွေရာသီနန်းတော်)သို့ Hydrofoil အမြန်ရေယာဉ်ဖြင့် ရေလမ်းကြောင်းအတိုင်း စီးနင်းရောက်ရှိကြရာ Peterhof (နွေရာသီနန်းတော်)မှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည်  နွေရာသီနန်းတော်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး အမှတ် တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။


အဆိုပါ ရုရှားနိုင်ငံ၏ အထင်ကရအဆောက်အဦများတွင် တစ်ခုအပါအဝင် ဖြစ်သည့် Peterhof နန်းတော်ကို ရုရှားဘာသာဖြင့် (ပျယ်ကျဲရ်ဂိုဖ်) ဟုခေါ်ဆိုကြောင်း၊ ဖင်လန်ပင်လယ်ကွေ့တွင်တည်ရှိသည့် ဤနန်းတော်ကြီးကို စိန့်ပီတာစဘတ်မြို့တော် ကိုတည်ခဲ့သည့် ဘုရင်ကြီး ပီတာက ဆောက်လုပ်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဆွီဒင်နိုင်ငံနှင့် ရုရှားနိုင်ငံကြား စစ်ပွဲတွင် ရုရှားက အနိုင်ရရှိပြီးနောက် ရုရှားနိုင်ငံ၏ အင်အားကြီးမား ကြောင်းကို ပြသရန်အတွက် လှပခမ်းနားသည့် ထိုနန်းတော်ကြီးကို အချိန် ၁၀ နှစ်တိတိ ဆောက်လုပ်ခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ်တွင် သမိုင်းဝင်နေရာတစ်ခုအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခဲ့ကြောင်း၊ ရေပန်းရုပ်တုများနှင့် ရေပန်းပေါင်း ၁၇၃ ခုရှိပြီး ရွှေရောင်ရုပ်တုကြီးများကို အသက်ဝင်လှပအောင် ထုလုပ်ထားကြောင်း၊ ဘုရင် ကြီး ပီတာအနေဖြင့် နန်းတော်ကြီးကို နွေရာသီသုံး နန်းတော်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ် ပြီး ပင်လယ်မှ နန်းတော်အထိ တိုက်ရိုက်တူးမြောက်ဖောက်စေ၍ ရေကို နန်းတော် အခြေအထိ စီးဝင်လာစေပြီးနောက် နန်းတော်ရှေ့ ကြာကန်မှတဆင့် ရေပန်းဖြစ်စေရန် စနစ်တကျဖောက်လုပ်ထားကြောင်း၊ ရေပန်းမှ ဖြာထွက်သည့် ရေကို ကြာကန်ထဲသို့ ကျစေပြီး ထိုမှတဆင့် ဘေးပတ်ဝန်းကျင်ရှိ ဥယျာဉ်၊ ပန်းခြံ တို့ကို ဖြတ်၍ ပင်လယ်ထဲ သို့ ပြန်လည်စီးဝင်သွားစေရန် အသေးစိတ် စနစ်တကျ ပြုလုပ်ထားသည်ကို ကြည့်ခြင်း အားဖြင့် ရုရှားတို့၏ ထူးခြားပြီး အဆင့်မီသည့် ဗိသုကာအစွမ်းကို ခန့်မှန်းရနိုင် မည်ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကို အများအပြားခံရပြီး နန်းတော် အဆောက်အဦနှင့် ပန်းခြံအစိတ်အပိုင်းအများစု မီးလောင်ပျက်စီးခဲ့ပြီး ရေပန်းများနှင့် ဗိသုကာလက်ရာများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့နောက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ၁၉၄၅ ခုနှစ်တွင် အများပြည်သူများ လည်ပတ်ရန် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်တွင် နန်းတော်နှင့် ပန်းခြံအတွင်းရှိ ရေပန်းများကို အပြည့်အဝပြန်လည်ပြင်ဆင်ခဲ့ပြီး ယနေ့ထက်တိုင် ပိုမိုကောင်းမွန် အောင် ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်းနှင့် ဆောင်းရာသီနှင့် ကျန်ရာသီများတွင် ရေပန်းများကို ပိတ်ထားလေ့ရှိပြီး နွေရာသီရောက်မှသာလျင် ဖွင့်လှစ်ပြသလေ့ရှိ ကြောင်း သိရှိရသည်။


အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများနှင့် အဖွဲ့ဝင်များ၊ ထူးချွန်ဆုရ အမျိုးသား၊ အမျိုးသမီး အရာရှိများသည်လည်း စိန့်ပီတာ စဘတ်မြို့ရှိ ပါလီမန်အဆောက်အဦ၊ Onegin ပန်းချီအရောင်းဆိုင် နှင့် အထင်ကရ နေရာများသို့ သွားရောက်လေ့လာကြည့်ရှုကြရာ သက်ဆိုင်ရာနေရာများအလိုက်မှ တာဝန်ရှိသူများ၊ သံရုံး၊ စစ်သံရုံးများမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)