MNP - ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အိမ်ထောင် စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များကို e-ID စနစ်ဖြင့် Software Program အသုံးပြု၍ Data Base အတွင်း ရေးသွင်းနေမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦး ရေစာရင်းပုံစံ(၆၆/၆)များကို စာရင်းရေးသွင်းရာတွင် အချက်အလက်များ မှန်ကန်မှုရှိစေရန်နှင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း အချိန်မီ ပြီးစီးအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဖေက မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/၆)များကို e-ID စနစ်ဖြင့် Software Program အသုံးပြု၍ Data Base အတွင်းရေးသွင်းရာတွင်လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း ရရှိမှုအခြေအနေများနှင့် ပတ်သက်၍ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကို e-ID စနစ်ဖြင့် Software Program အသုံးပြု၍ Data Base အတွင်း ရေးသွင်းခြင်းလုပ်ငန်းကို ၂၀၂၂-ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက် လျက်ရှိပြီး မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၄၄၁၆၅)စုကို စာရင်းရေးသွင်းလျက်ရှိကြောင်းနှင့် သတ်မှတ်ထားသော ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - နိုင်လင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment