MNP - ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယမန်နေ့မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးတွင် ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ -၆၆/၆)များကို Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီးလိုက်လံရှင်းလင်း တင်ပြ ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကဖြည့်စွက်ရှင်းလင်းတင်ပြ သည်။
ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက်ကို အောင်မြင်စွာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ကာ မဲစာရင်းများ တိကျမှန်ကန်စေရေး ပြည်သူတစ်ဦးချင်းကိုယ်ရေး အချက်အလက် နိုင်(၄)မှတ်တမ်းများကို Electric System ဖြင့် Software ရေးသွင်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပြီး ယခုအိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်းကိုလည်း ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ အချိန်ကာလ(၂)လအတွင်းပြီးစီးရေး၊ စာရင်းဇယားမှန်ကန်စေရေး၊ စာရင်းထပ်ကျန်မရှိစေရေးတို့ကို စနစ်တကျဆောင် ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များကို နည်းပညာ အသုံးပြု၍ software program ဖြင့် Data base သို့ တိုက်ရိုက် စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ကော့သောင်းခရိုင်မှ အိမ်ထောင်စုစာရင်း စုစုပေါင်း(၂၃၅၅၂)စုနှင့် ဘုတ်ပြင်းခရိုင်မှ အိမ်ထောင်စုစာရင်း စုစုပေါင်း(၁၃၇၉၁)စု၏ အိမ်ထောင်စုလူဦးရေစာရင်းများအား (၂)လ အတွင်းပြီးစီးအောင် ရေးသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment