MNP - ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဇင်ပြွန်းကျေးရွာ ဓမ္မာရုံသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးကျော်စိုးက ဇင်ပြွန်းကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊လျှပ်စစ်မီးရရှိရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုအခြေအနေများနှင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်စိုးက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ရွာလုံခြုံရေးအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးဦးကျော်ဝင်းက ကျောင်းသား/သူများ ကျောင်းနေပျော်၍ ပညာရည် တိုးတက်မြင့်မားရေးအတွက် မိဘ၊ ဆရာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက ဒေသတွင်း စားသုံးဆီ ဖူလုံရေး မိုးနေကြာ စိုက်ပျိုး ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းက လယ်ယာမြေ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးထွန်းနေဝင်းက ရေမြေရာသီဥတု ညီညွတ်မျှတရေး သစ်တောသစ်ပင်များကို ကာကွယ်ထိန်းသိမ်းကြရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးကြရန်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဝိုင်းယုမော်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ ဆုပိုင်မြင့်ဦးက ကျွဲ၊ နွား တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေများကို လည်းကောင်း အသီးသီး ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက် ပေးစေလိုသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မယု
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment