အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူ (၄)ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စအား စိုးရိမ်ကြောင်းဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူ (၄)ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စအား စိုးရိမ်ကြောင်းဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန်


MNP ၊ သြဂုတ် ၅

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ် လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူ (၄)ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စအား စိုးရိမ်ကြောင်းဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန်ထားသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အစွမ်းကုန်ကြိုးပမ်းနေသော်လည်း NUG နှင့် PDF များက အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများစွာ သေဆုံးဒဏ်ရာရမှုများကိုလည်း အစိုးရမှ အချိန်နှင့်တစ်ပြေးညီ တရားဝင်သတင်းများ ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ပါ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပနိုင်ငံများသည် မြန်မာနိုင်ငံကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးကူညီရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါက အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF တို့နှင့် ထိတွေ့ဆက်ဆံရန် ပြောဆိုမှုများနှင့် အားပေးသည့် လုပ်ရပ်များကို ရှောင်ရှားသွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


တူညီဆန္ဒ(၅)ရပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်သည့်အခါတွင် မြန်မာနိုင်ငံက လက်တွေ့ဆောင်ရွက်နေသော ပကတိအခြေအနေများကို မှန်မှန်ကန်ကန် ထည့်သွင်းစဉ်းစားပြီး မျှတစွာသုံးသပ်ရန် လိုအပ်ကြောင်း၊ တစ်ဖက်သတ်သုံးသပ်ခြင်းမျိုး မဆောင်ရွက်သင့်ကြောင်း၊ (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုကျူးလွန်သူ (၄)ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့သည့်ကိစ္စအား စိုးရိမ်ကြောင်းဖော်ပြခဲ့ခြင်းနှင့် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် စင်ကာပူတို့မှ AICHR ကိုယ်စားလှယ်များက ဝေဖန်ပြစ်တင်သည့် ပူးတွဲထုတ်ပြန်ချက်တို့တွင် ယင်းပြစ်မှုကျူးလွန်သူများကို “နိုင်ငံရေးတက်ကြွသူများအဖြစ်” ဖော်ပြချက်သည် ပကတိအခြေအနေမှန် မဟုတ်ဘဲ မှန်ကန်မှုမရှိ လွဲမှားနေ၍ ကန့်ကွက်ကြောင်း ပြောဆိုထားသည်။


ရာဇဝတ်မှုကျူးလွန်သူ တရားခံ(၄)ဦးသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ခြင်းကြောင့် ၎င်းတို့အား သေဒဏ်အပြစ်ဒဏ် ချမှတ်ခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်ပြီး လူမဆန်သည့် သတ်ဖြတ်ကျူးလွန်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရာတွင် စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့တရားဥပဒေအရ အရေးယူခဲ့ရကြောင်းကို အာဆီယံ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နိုင်ငံများထံ သက်သေအထောက်အထားများနှင့်တကွ ရှင်းလင်းသည့်စာများ မြန်မာနိုင်ငံက ပေးပို့ထားခဲ့သော်လည်း ယခုကဲ့သို့ “နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ” အဖြစ် ပူးတွဲထုတ်ပြန်ချက်တွင် သုံးနှုန်းဖော်ပြခြင်းသည် လျော်ကန်မှုမရှိကြောင်း ပြောဆိုထားသည်။


(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရကိုယ်စား မပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၅)တွင် ဖော်ပြချက်နှင့် သိသာထင်ရှားစွာ သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)