MNP - သြဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အနီးအနားကျေးရွာများတွင် ရာသီပေါ်သီးနှံများ ရိတ်သိမ်းပြီးချိန်၊ ကိုးရီးယားနိုင်ငံ၊ ကုမ္ပဏီများမှ ကွင်းဆင်းဝယ်ယူမှုကြောင့်၊ ဈေးကောင်းရရှိနေသော နှမ်းလုံးဆီထွက်သီးနှံများကို ဧကအများအပြား တိုးချဲ့စိုက်ပျိုးနေကြောင်း တွေ့ရှိရသည်။
ပင်းတယမြို့နယ်ရှိ သီးနှံစိုက်ပျိုးတောင်သူများအနေဖြင့် ဒေသထွက်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအချိန် ဆောင်းသီးနှံအမျိုးအစားဖြစ်သည့်၊ ပန်းနှမ်းလုံးစေ့သီးနှံများအား ဧကအများအပြား တိုးချဲ့စိုက်ပျိုးနေခြင်းဖြစ်သည်။ ယင်းနှမ်းလုံးသီးနှံများအား ကိုးရီးယားနိုင်ငံအခြေစိုက်၊ ပင်လယ်ကွင်းကုမဏ္ဏီလီမီတက်မှ ချိတ်ဆက်ပြသထားပေးသော စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စိုက်ပျိုးထားရှိခြင်းဖြစ်သည်။ နှမ်းလုံးဆီထွက် သီးနှံတစ်ဧကလျှင် ကုန်ကျစရိတ်ကျပ်ငွေ (၈၀၀၀၀၀)ခန့်ရှိပြီး၊ ကိုးရီးယားနိုင်ငံသို့တင်ပို့ရောင်းချပေးသည့် ပင်လယ်ကွင်းကုမဏ္ဏီလီမီတက်မှ တာဝန်ရှိသူများက ကျေးရွာ(၂၀)ကျော် ကွင်းဆင်း၍ စိုက်ဧကပိုမိုမြင့်တင်စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးနည်းပညာများ ညွှန်ကြားပေးခဲ့သည်။ တစ်ဧကလျှင် နှမ်းလုံးစေ့ ပိဿာချိန်၂၀၀ မှ ၂၅၀ ကျော်ထွက်ရှိကြောင်း၊ ပင်လယ်ကွင်း ကုမဏ္ဏီလီမီတက်မှ ကွင်းဆင်းဝယ်ယူပေးမှုဖြင့် နှမ်းလုံးစေ့တစ်ပိသာလျှင် ငွေကျပ်(၁၁၀၀၀)နှူန်း ဈေးကောင်းရရှိပြီး၊ တစ်ဧကလျှင်ငွေကျပ် (၂၅) သိန်းခန့်ရရှိကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင်နှမ်းလုံးစိုက်ဧက၊ အများအပြားတိုးချဲ့စိုက်ပျိုးခြင်းဖြစ်ကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
သတင်း - အေးအေးလတ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment