MNP - သြဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မော်လိုက်မြို့ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမားများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား အလေးပြုခဲ့ကြသည်။ ထို့နောက် မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုကျင်းပပြုလုပ်သည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်ပေးရခြင်းသည် ပြည်သူလူထုအတွင်း အားကစားစိတ်ဓာတ်၊ အားကစားအသိပညာပြန့်ပွားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပျိုးထောင်နိုင်ရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံ့ဂုဏ်သိက္ခာအတွက် အားကစားဖြင့်မြှင့်တင်ပေးရေး၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး” စသည့်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ဌာနဆိုင်ရာကိုယ်စားပြု ပိုက်ကျော်ခြင်းကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်အား ပြိုင်တူရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် သစ်တောဦးစီးဌာန ကိုယ်စားပြုအသင်း၊ ဒုတိယပွဲစဉ်အဖြစ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာနကိုယ်စားပြုအသင်းနှင့် မော်လိုက်အနောက်သစ်ထုတ်ရေးဒေသ ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ဌာနဆိုင်ရာကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်း - မော်လိုက်သားလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment