MNP - ဩဂုတ် ၆
ဆံရစ်ဝိုင်းရွာဟု တင်စားခေါ်ကြသော ရေပုတ်ကြီးရွာသည် ပွင့်ဖြူမြို့နယ်၏ အနောက်မြောက်ဘက် (၇) မိုင်အကွာတွင် တည်ရှိပြီး ရှေးအခါက ရွာ၏အရှေ့ဘက်တွင် တည်ရှိသော ရေကန်ကြီးသည် ငှက်တစ်ကောင်၏ အစာဇလုတ်ပုံသဏ္ဍန် ဖြစ်နေတာကြောင့် ရေဇလုတ်ကြီးရွာဟု ခေါ်တွင်ရာမှ ကာလရွေ့လျားလာသည့်အခါ ရေပုတ်ကြီးရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။
ရေပုတ်ကြီးကျေးရွာကို ပွင့်ဖြူမြို့နယ် ရှောက်တောရွာ တမံပေါင်အတိုင်း သွားပါက ကျောင်းကုန်းကြီး ကျေးရွာအထိ (၃) မိုင် ကွာဝေးပြီး၊ ကျောင်းကုန်းကြီးကျေးရွာမှ ဆက်လက်ထွက်ခွာပါက ရေပုတ်ကြီးကျေးရွာ အထိ (၄) မိုင် သွားရကြောင်း သိရသည်။
ရေပုတ်ကြီးကျေးရွာသည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို အစဉ်လေးစား တန်ဖိုးထားကာ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်။ ဆံရစ်ဝိုင်း ထုံးဖွဲ့မှုကို အသက် (၅) လ အရွယ်မှ စတင်ကာ ယျော်းလေး၊ မိန်းကလေး အကုန်ထားကြပြီး ဆံရစ်ဝိုင်း ထားသူဦးရေ (၆၀၀) ကျော် (၇၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဆံရစ်ဝိုင်း ဆင်ယင်ထုံးဖွဲ့မှုမှာ လသားအရွယ်မှာ ဦးစမုတ်ပုံစံ၊ အသက် (၃) နှစ်မှ (၄) နှစ်အတွင်း ကြက်တောင်စည်းပုံစံ၊ အသက် (၅) နှစ်မှ (၆) နှစ်အရွယ် ဆံရစ်ဝိုင်းပုံစံ၊ အသက် (၁၆) နှစ်မှာ ဂျပန်ဆံတောက်ပုံစံနှင့် အသက် (၁၇) နှစ်မှ (၁၈) နှစ်အရွယ်တွင် နောက်ကောက်ပုံစံဟူ၍ ထုံးဖွဲ့ထားလေ့ရှိကြသည်။
ရေပုတ်ကြီးကျေးရွာတွင် ဆံရစ်ဝိုင်း အမျိုးသမီး အဖွဲ့အစည်းများကို ၂၀၁၅ ခုနှစ်မှ စတင်ကာ ဖွဲ့စည်းထားကြောင်း သိရသည်။ ရေဇလုတ်ကြီးကျေးရွာ(ခေါ်) ရေပုတ်ကြီးကျေးရွာ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆံရစ်ဝိုင်းပုံ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့များကို အာစီယံနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် အနောက်နိုင်ငံများက လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ရွာ၏ ဆံရစ်ဝိုင်းထားရှိသည့် ဓလေ့ကို မပျောက်ပျက်အောင် ကျေးရွာမှာရှိတဲ့ ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ဝိုင်းဝန်း၍ ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ ရွာအဝင်တွင် မဏိစည်သူမင်းကြီးနှင့် မိဖုရားကြီးကိုယ်တိုင် လာရောက်ဖူးမြော်ကြတဲ့ ဧရာသုခကိုးတောင်ပြည့်စေတီ (ခေါ်) ရတနာဦး စေတီတော်မြတ်အား လာရောက်ဖူးမြော် ကြည်ညိုနိုင်ကြသည်။ သို့ပါ၍ ဘုရား၊ ရေကန်၊ ကျောင်းဇရပ်များနှင့် ပနာတင့်နေသည့် အပြင်ရှေးမြန်မာ ဘုရင်များလက်ထက်မှ ယနေ့တိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှ ရေပုတ်ကြီးကျေးရွာသို့ အလည်တစ်ခေါက် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတော့သည်။
သတင်း - ဇေယျာထက်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment