MNP - ဩဂုတ် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု အောင်ချမ်းသိမ်းကျေးရွာ ဓမ္မဓရဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်နေတာနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်/ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့်နည်းပညာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ကျေးရွာနေပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းသား၊ သင်တန်းသူများကိုအားပေးစကား ပြောကြားခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းတွင်အသုံးပြုမည့် အခြေခံစားသောက်ကုန် ထုတ်လုပ်မည့်ကုန်ကြမ်းနှင့် စက်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်၍ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း ၁၂ မျိုး သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်ပါတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကျော်စွာဟိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment