MNP ၊ ဩဂုတ် ၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနကဦးဆောင်ကြီးမှူး၍ မြို့နယ်အတွင်းကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ကွင်းဆင်းအသိပညာပေးဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်းဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မအီမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆံထုံးကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများ ရှင်းလင်းခြင်း၊ ကျေးရွာလမ်းဘေး ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးများ ခတ်ပေးခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ဆံထုံးကျေးရွာ၊ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ ပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာသို့ လက်ပံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသောင်းတင်နှင့် ရပ်မိရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost





No comments:
Post a Comment