မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ


MNP ၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အရင်းအနှီးဈေးကွက် (Capital Market) သည် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးပါသည့် မောင်းနှင်အားတစ်ခု ဖြစ်၍ နိုင်ငံအသီးသီးက အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အရင်းအနှီးဈေးကွက်အတွက် မရှိမဖြစ်လိုအပ်သည့် ရန်ကုန်စတော့အိပ်ချိန်း (Yangon Stock Exchange – YSX ) ကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာများအား နေ့စဉ် ရောင်း/ဝယ်လျက်ရှိကြောင်း။


တစ်ဖက်တွင်လည်း ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒုတိယဈေးကွက် (Secondary Market) ကို ထူထောင်ဆောင်ရွက်ခဲ့ရာ ယင်းဈေးကွက်တွင် အစိုးရ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ကို ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရင်းနှီးမြှုပ်နှံ လျက်ရှိကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံ၏အရင်းအနှီး ဈေးကွက်တွင် ပါဝင်ရင်းနှီးမြှုပ်နှံသူနှင့် အရင်းအနှီးစုဆောင်းသူများမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းနေသေးသည်ကို တွေ့ရကြောင်း။


အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ တိုးတက် လာစေရေးသည် အဓိကအရေးကြီးသည့်အပြင် အရေအတွက်တိုး လာသည်နှင့်အမျှ အရည်အသွေး ကောင်းမွန်ပြီး ခိုင်မာသည့် အများပိုင်ကုမ္ပဏီများ ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံသူပြည်သူများအနေနှင့် မိမိတို့၏ စုဆောင်းငွေများကို ရန်ကုန်စတော့အိပ်ချိန်းရှိ စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူ/ရောင်းချခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်မည့် အခွင့်အရေးနှင့် အခွင့်အလမ်းများ၊ ပိုမိုရရှိလာမည်ဖြစ်ကြောင်း။


အများပိုင် (အများပြည်သူထံမှ ရှယ်ယာခေါ်ယူ၍) ကုမ္ပဏီအဖြစ် လုပ်ကိုင်ကြသူ နည်းပါးသဖြင့် စာရင်းဝင် အများပိုင်ကုမ္ပဏီများဖြစ်လာစေရေးအတွက် လိုအပ်သည့် သတင်းအချက်အလက် များကို စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စတော့အိပ်ချိန်းသည် အများပိုင်ကုမ္ပဏီများကို စာရင်းဝင်ကုမ္ပဏီ အဖြစ်လက်ခံ၍ ယင်းတို့၏ ရှယ်ယာများကို လက်ခံရောင်းဝယ်ပေးခြင်းဖြစ်၍ လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်ချေးငွေအပေါ်တွင်သာ မှီခိုနေခြင်းမပြုဘဲ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ကြပြီး နိုင်ငံတကာ စံချိန်စံညွှန်းမီ လုပ်ဆောင်ခြင်းဖြင့် စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရန် ကော်မရှင်အနေဖြင့် ဆောင်ရွက်သင့်သည်များကို မျက်ခြည်မပြတ် သုံးသပ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း။


စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရေးရည်ရွယ်၍ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် အကြိုဈေးကွက် (Pre Listing Board – PLB) ကို ဒုတိယဈေးကွက်အဖြစ် ထူထောင်ခွင့်ပြုထားပြီးဖြစ်ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လက်ရှိစာရင်းဝင်စံသတ် မှတ်ချက်များကိုလျှော့ချပြီး အနည်းဆုံး လိုအပ်ချက်များဖြင့် စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စာရင်းဝင်အကြိုဈေးကွက်မှတစ်ဆင့် စာရင်းဝင်ကုမ္ပဏီများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှု ကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ပြည်တွင်း ငွေချေးစာချုပ်ဈေးကွက် (Secondary Bond/Bill Market) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်တွင်ပါဝင်ပါတ်သက်သူ Stakeholder များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။


အစည်းအဝေးသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


လက်ရှိတွင် ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းဝင်ထားသောအများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ(၇)ခု၏ ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (၆)ခုမှတစ်ဆင့် ရောင်းဝယ်လျက်ရှိပြီး၊ အဆိုပါ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများတွင် စာရင်းဖွင့်လှစ်ထားသူ ဦးရေမှာ (၄၄,၈၀၉) ဦးရှိကာ တစ်နှစ်တိုးတက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်းနှင့် စာရင်းဝင်ကုမ္ပဏီ (၇)ခု၏ ဇူလိုင်လကုန်ရှိ ဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ငွေကျပ် (၅၈၁ ဒသအ ၅၁၅) ဘီလီယံရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)