ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကမမောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကမမောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး



 MNP - စက်တင်ဘာ  ၁၆


ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကမမောင်းမြို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ရိက္ခာပစ္စည်း ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရွှေမြတ်မျိုးကြွယ်ဘုန်းတော်ကြီးကျောင်း သီရိသုခဓမ္မာရုံ၌ ကျင်းပသည်။


ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စစ်ဘေးရှောင်ပြည်သူများအား အားပေးစကားများ ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တာဝန်ရ သူများက တိုက်ပွဲရှောင်အိမ်ထောင်စု ၇၄၂ စု၊ လူဦးရေ ၃၂၂၁ ဦးအတွက် ဆန် ၃၀၉ အိတ်၊ ဆီ ၇၄၂ လီတာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့သော ငွေကျပ (တစ်ရာခုနှစ်ဆယ့်ခြောက်သိန်းငါးသောင်း) တန်ဖိုးရှိ Family Kit ၅၀၀ ၊ Hygiene Kit ၄၁၀ နှင့် အဝတ်အစား အထည် ၅၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တကုသလအား သွားရောက်ဖူမြော်ကြည်ညို၍ ဆန်၊ ဆီ အစရှိသော လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများဆက်ကပ်လှူဒါန်းကြပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းသော ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီး ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဇူလိုင်လမှစက်တင်ဘာလထိ သုံးလစာ ဆန်ဖိုး ထောက်ပံ့ငွေကျပ် သိန်း (၉၀) ကို ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် ကမမောင်းမြို့၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လူမှုဝန်ထမ်းဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်ဒုတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး ၅၅ ဦး၊ အဘွား ၁၀၂ ဦး စုစုပေါင်း ၁၅၇ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၄,၇၁၀,၀၀၀ (လေးဆယ်ခုနှစ်သိန်းတစ်သောင်း) ကျပ်ကို ကမမောင်းမြို့အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီး လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော တပ်မ တော်၊ နယ်ခြားစောင့်တပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အား ထောက်ပံ့ငွေများပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွားများအား လူမှုရေးပင်စင်များ လက်ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ အမှတ်(၁) အလယ်တန်းကျောင်း(ခွဲ)၌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက် ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး  ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေး ကတ်ပြားဆိုင်ရာများကိုလည်းကောင်း၊ လူမှုရေးဝန်ကြီးဦးစိုးလွင်က ပန်းခင်း စီမံချက်ဆိုင်ရာများကို လည်းကောင်း ရှင်းလင်းပြောကြားကာ ကွင်းဆင်းဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ၈၈ ကတ်အား လက်ဝယ်အရောက်ပေးအပ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးသောဝန်ထမ်းများနှင့် အမှတ်(၁)အလယ်တန်းကျောင်း(ခွဲ)အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဖာပွန်ခရိုင်၊ မြို့နယ်နှင့် ကမမောင်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန်၊ ဆီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဖာပွန်ခရိုင်၊ မြို့နယ်နှင့် ကမမောင်းမြို့တို့တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်း ၆၃၃ ဦးအတွက် ဆန် ၁၅၈ အိတ်၊ ဆီ ၆၃၃ လီတာတို့အား ထောက်ပံ့ပေးအပ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)