သထုံမြို့၊ သာသနာ့ဝုဒ္ဓိကျောင်းတိုက်၌ မြို့နယ်အဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ‌တော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၊ သာသနာ့ဝုဒ္ဓိကျောင်းတိုက်၌ မြို့နယ်အဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ‌တော် ကျင်းပ






MNP ၊ စက်တင်ဘာ  ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ်(၂၇၆၁)ခုနှစ်အတွက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် မြို့နယ်အဆင့်အခမ်းအနားကို စက်တင်ဘာလ ၈ ရက်၊ နံနက်က သိမ်ကုန်းရပ်ကွက်၊ ကျုံးကြီးလမ်းရှိ သာသနာ့ဝုဒ္ဓိကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကိုနှစ်စဉ် ကျင်းပခြင်းသည် စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်သည့် အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မိဘဘိုးဘွားတို့အနေဖြင့် မိမိတို့၏ သားသမီးမြေးမြစ်များ တကွဲတပြားမဖြစ်စေဘဲ စုစုစည်းစည်း ချစ်ချစ်ခင်ခင် ရှိကြရန်နှင့် ကျန်းမာပျော်ရွှင်စွာရှိကြစေရန်၊ ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ ကြီးပွားတိုးတက်စေရေး၊ ဘေးပယောဂမကောင်းကြံစည်မှုများအား နားမယောင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြောနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ် ကရင်စာ‌ပေနှင့်ယဉ်ကျေးမှုအဖွဲ့နာယက ဦးစောဘသိန်းက ပြောသည်။


သထုံမြို့နယ်၌ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကျင်းပရာတွင် သံဃာတော်များအား ဆွမ်းဆက်ကပ်တရားနာယူပြီး လှူဖွယ်များ လှူဒါန်းခြင်း၊ ကရင်တိုင်းရင်းသားအလံတော်အား အလေးပြုခြင်း၊ ချည်ဖြူဖြင့် အပြန်အလှန် လက်ချည်ပြီး ဘိုးဘွားများထံမှ ဆုံးမဩဝါဒများနာခံခြင်း၊ ရိုးရာယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြသည်။


ကရင်တိုင်းရင်းသားတို့၏ လက်ချည်ခြင်း ၉ မျိုးရှိပြီး ဖျားနာသည့်အခါလက်ချည်ခြင်း၊ ခန္ဓာကိုယ်နှင့်လိပ်ပြာကွဲ၍ လက်ချည်ခြင်း၊ ရိုးရာနတ်ပူဇော်ပြီးအပြန်လက်ချည်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်အား လက်ချည်ခြင်း၊ လန့်ဖျတ်ခြင်းကြောင့် လက်ချည်ခြင်း၊ မွေးကင်းစကလေးအားလက်ချည်ခြင်း၊ ကင်းကွာနေရသည့်သူများလက်ချည်ခြင်း၊ ထိမ်းမြားမင်္ဂလာလက်ချည်ခြင်းနှင့် ယခုပြုလုပ်သည့် ဝါခေါင်လ(သို့မဟုတ်)တော်သလင်းလ လက်ချည်ခြင်းတို့ဖြစ်သည်။ ကရင်ဘိုးဘွားများအနေဖြင့်မိမိ၏ သားသမီး မြေးမြစ်များနှင့်မကောင်းဆိုဝါးများအား ခွဲခြားသိရှိနိုင်ရန် လက်ကောက်ဝတ်တွင် ချည်ဖြူအပါအဝင်အဆောင်ယောင်များဖြင့် လက်ချည်ပေးသည့် ရိုးရာဓလေ့တစ်ခုလည်းဖြစ်ကြောင်း သိရသည်။


သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့၌ နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရပါသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)