Global Times မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဆရာထက်မြတ် ဘာသာပြန်ဆိုထားတာကို ဖတ်ရှုလိုက်ရပါတယ်။ "ဧကဝင်ရိုးမှသည် ဗဟုဝင်ရိုးကမ္ဘာကြီးဆီသို့ ကူးပြောင်းစေနိုင်မယ့် ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးရဲ့ တွေဆုံမှု" ဆိုတဲ့ဆောင်းပါးမှာ တရုတ်နဲ့ ရုရှားရဲ့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နေမှုတွေကို ဖော်ထုတ်ပြဆိုထားသလို အနာဂတ်ကမ္ဘာမှာ အမေရိကန်ရဲ့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုကို လျော့ချနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေကို ကောက်နှုတ်တင်ပြထားတာ တွေ့ရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) မှာ အမေရိကန်ဟာ ဒေါ်လာကို လက်နက်သဖွယ်အသုံးချနေခြင်းကြောင့် နိုင်ငံငယ်များရဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်ရတဲ့ သဘောကို ထည့်သွင်းပြောဆိုသွားခဲ့ပြီး ဒေါ်လာကို ကြားခံအဖြစ် အသုံးမချဘဲ ယွမ်၊ ရူဘယ်၊ ရူပီး တို့ကို အစားထိုးသုံးစွဲခြင်း၊ တိုက်ရိုက်ကုန်စည်ဖလှယ်ခြင်း နည်းလမ်းများနဲ့ ဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။
ယနေ့ ကျွန်တော်တို့တိုင်းပြည်မှာ လောင်စာဆီဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အခြေခံစားသောက်ကုန်အားလုံး နှစ်ဆအထိ မြင့်တက်နေတဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ ပြည်သူတွေရဲ့ ဝင်ငွေက တိုးတက်လာခြင်းမရှိဘဲ ထွက်ငွေက နှစ်ဆမြင့်တက်လာတာကြောင့် အခက်အခဲတွေ ရင်ဆိုင်လာကြရခြင်းဖြစ်ပါတယ်။
မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းအောင် အဓိက လုပ်ဆောင်ခဲ့သူတွေကတော့ အမေရိကန်ရဲ့ လက်ကိုင်တုတ် နိုင်ငံရေးအင်အားစုတွေရဲ့ လုပ်ကြံဖန်တီးဝါဒဖြန့်မှုတွေကြောင့် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ခဲ့ရာကနေ စတင်ပါတယ်။ ဒီနေရာမှာ သတိပြုသင့်တဲ့တစ်ချက်ကို ထည့်သွင်းပြောဆိုလိုတာက နိုင်ငံဝန်ထမ်းတွေကိုယ်တိုင်က ဥပဒေကို သဘောပေါက် နားလည်ခြင်းမရှိဘဲ နိုင်ငံရေးသမားတွေ လှုံ့ဆော်တာကို အဟုတ်ထင်ပြီး မမှန်သတင်းတွေနဲ့ သူတို့နဲ့ နီးစပ်ရာကို မမှန်သတင်းတွေ ထပ်ဆင့် ဖြန့်ဝေခြင်းကြောင့်လည်း မဖြစ်သင့်တဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တာ ရှိပါတယ်။
ဥပမာအားဖြင့် အာဏာလက်မဲ့ဖြစ်သွားတဲ့ နိုင်ငံရေးအစွန်းရောက်အုပ်စုက တစ်သောင်းတန်တွေကို သိမ်းတော့မယ်လို့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ပြည်ဖျက်မီဒီယာတွေကနေ စတင်ဖြန့်ဝေလာတဲ့အချိန်မှာ ဗဟိုဘဏ်ဝန်ထမ်းတချို့ကပါ တစ်သောင်းတန်တွေ ရှိလား။ ဈေးဝယ်ထားကြနော်။ လဲထားကြနော် ဆိုပြီး သူတို့နဲ့နီးစပ်ရာကို ထပ်ဆင့်လှုံ့ဆော်ခဲ့ကြပါတယ်။ နိုင်ငံရေးပယောဂမဟုတ်ပါဘူး။ နစ်နာဆုံးရှုံးမှာ ကြောက်ပြီး ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး ဖော်ပြမှုအပေါ် စိုးရိမ်မှုလွန်ကဲကြခြင်း ဖြစ်ပါတယ်။
နေ့စား၊ လခစား အခြေခံလူတန်းစားများမှာ ဖြစ်ခဲ့သော်မှ နစ်နာဆုံးရှုံးမှု ပမာဏ မများပါဘူး။ လုပ်ငန်းရှင်များအပိုင်းမှာကြတော့ နစ်နာဆုံးရှုံးမှုပမာဏ ကြီးမားတဲ့အတွက် ငွေကိုင်ထားရာနေ ရွှေဝယ်စု၊ ဒေါ်လာဝယ်စုတဲ့ လုပ်ရပ်တွေများလာတဲ့ အချိန်မှာ ရွှေဈေး၊ ဒေါ်လာဈေး အဆမတန် မြင့်တက်သွားခဲ့ပါတယ်။ အခိုက်အတန့်အားဖြင့်တော့ နေ့စား၊ လခစား အခြေခံလူတန်းစားတွေအနေနဲ့ အတိဒုက္ခရောက်ရတဲ့ အခြေအနေမျိုး ကြုံရပါတယ်။ ကာလတစ်ခုမှာ ဒီဈေးနှုန်းက တည်ငြိမ်မှုအခြေအနေကို ရောက်ပြီဆိုတာနဲ့ အခြေခံလုပ်အားခတွေလည်း တိုးမြှင့်သတ်မှတ်ပေးရမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာအရပ်ရပ်မှာ အာဏာလက်မဲ့ဖြစ်သွားတဲ့ အုပ်စုက သူ့ဆန္ဒသဘောအရ တော်လှန်ပုံကန်တာမျိုး မဟုတ်ဘဲနဲ့ အမေရိကန်ရဲ့ သွေးထိုးလှုံ့ဆော်မှု၊ လက်နက်နဲ့ငွေကြေး ထောက်ပံ့ပေးမှုကြောင့်သာ အဆိုးဆုံးအခြေအနေထိရောက်အောင် ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေအထိ ဖြစ်ပေါ်အောင် လုပ်နိုင်ခဲ့တာကို မှန်ကန်စွာ နားလည်ကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
ပြည်သူအများစုကလည်း ဥပဒေရဲ့ အတိမ်အနက်ကို မလေ့လာ မစူးစမ်းဘဲ ပုဂ္ဂိုလ်ရေးရှေ့တန်းတင်ပြီး ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်လာတာဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ တိုင်းပြည်အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရခြင်းနဲ့ ပတ်သက်လို့ ဥပဒေ ပုဒ်မတွေနဲ့ မည်မျှပင် ရှင်းလင်းပြောဆိုစေကာမူ နားမဝင်ခဲ့ကြပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ ရှိတဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကို သွားရောက်တွေ့ဆုံးတိုင်း ဒီကိစ္စကို အကျယ်တဝင့် ရှင်းလင်းပြောဆိုခဲ့ရပါတယ်။ ဒီလိုရှင်းလင်း ပြောဆိုနေတာကိုတောင်မှ နားမလည်ဘဲ တစ်ဖက်ပိတ်နိုင်ငံရေးမှိုင်းမိနေတဲ့ တပ်မတော်မိသားစုဝင်များထဲကပင် ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့ကြလို့ ထိန်းသိမ်းခဲ့ရတဲ့ အခြေအနေ ရှိပါတယ်။ တပ်မတော်သားများကိုယ်တိုင် နိုင်ငံရေးသမားတွေရဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့်မှုတွေအပေါ် ယုံကြည်ပြီး CDM လုပ်သွားခဲ့ကြသူတချို့ ရှိပါတယ်။
အာဏာလက်မဲ့ဖြစ်ပြီး မကျေနပ်မှုတွေ ဆူပွက်နေတဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ လက်ထဲကို လက်နက်နဲ့ ငွေကြေး ထည့်ပေးလိုက်သူတွေကတော့ အမေရိကန်၊ အနောက်အုပ်စုနဲ့ အိုအိုင်စီ အဖွဲ့တို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအနေဖြင့်လည်း အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ တိုင်းပြည်ကို ထိန်းကျောင်းနေခြင်းဖြစ်သလို မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံရေးရာ တန်းတူညီမျှမှုရှိဖို့၊ နိုင်ငံရေးမှာ ညစ်ပတ်မှုတွေ ဖြစ်ပေါ်မလာစေဖို့ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ထိန်းကျောင်းနေခြင်းပဲ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရအာဏာကို ရရှိထားတဲ့ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိမှုမျိုးမဟုတ်တော့ဘဲ မိုးပြိုသည်အထိ အနိုင်ရဖို့ ကျူးလွန်ခဲ့တဲ့ မဲသမားမှုတွေကို တပ်မတော်အနေနဲ့ မထိန်းသိမ်းမီကလည်း အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့သလို အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးနောက်ပိုင်းမှာလည်း သံတမန်တွေကို တိတိကျကျ ရှင်းလင်းပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။ သို့ပေသော် အမေရိကန်နဲ့ EU အဖွဲ့ဝင် နိုင်ငံတွေဟာ ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အရပ်ရပ်ကို မျက်ကွယ်ပြုပြီး NLD အစွန်းရောက်တွေဘက်က တစ်ဖက်သတ်ရပ်တည်ပြီး ထုတ်ပြန်ပြောဆိုမှုတွေ လုပ်ဆောင်နေတာကို တွေ့ကြရပါလိမ့်မယ်။
ဒီလိုမျိုးရပ်တည်ပေးတဲ့အတွက် တိုင်းဖျက် ပြည်ဖျက် ဆူပူအကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေအတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။ အခါအားလျော်စွာ အကြမ်းဖက်အဖွဲ့ဘက်က လူပုဂ္ဂိုလ်တွေကို ခေါ်ယူဆွေးနွေးမှုတွေ လုပ်ဆောင်ပြခဲ့ခြင်းဟာလည်း အကြမ်းဖက်အုပ်စုကို အမေရိကန်နဲ့ အနောက်အုပ်စုက အသိအမှတ်ပြုထားတယ်ဆိုတဲ့သဘော ပြည်သူတွေ ယုံမှားသံသယဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။
အခြေအနေအလုံးစုံကို ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် NLD ဦးဆောင်သူတွေကိုယ်တိုင် သူတို့ရဲ့ ဥပဒေမဲ့ ဆောင်ရွက်ချက်တွေကို သိကြပါတယ်။ ဒါတွေကို ဖုံးကွယ်ပြီး တပ်မတော်အပေါ် ပြည်သူအများ ယုံမှားသံသယဖြစ်အောင် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်မှုမျိုးစုံ လုပ်ခဲ့ကြပါတယ်။ သို့ပေသော် သူတို့မှာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အထောက်အပံ့သာ မရဘူးဆိုရင် အကြမ်းဖက်လုပ်ရပ်တွေကို အဆိုးဆုံးအခြေအနေထိ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်အနေနဲ့ တရုတ်ကို ချုပ်ကိုင်ဖို့ မြန်မာပြည်မှာ သြဇာခံအစိုးရတစ်ရပ် မွေးဖို့ရာ ၂၀၁၅ ရွေးကောက်ပွဲ NLD အနိုင်ရပြီးကတည်းက စနစ်တကျ တည်ဆောက်ခဲ့တာဟာ အတော်လေး ခရီးရောက်နေပါပြီ။ ၂၀၂၀ မှာ NLD ဆက်လက် အနိုင်ရမှသာ သူတို့ရဲ့ သြဇာခံအစိုးရတစ်ရပ် ရှိနေမှာဖြစ်တဲ့အတွက် အစွမ်းကုန်ကြိုးပမ်းပေးခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေအရပ်ရပ်ကို မသိကျိုးကျွန်ပြုပြီး တစ်ဖက်သတ်ရပ်တည်သည်အထိ မိုက်မဲတဲ့ လုပ်ရပ်ကို လုပ်ဆောင်နေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုဟာ မဲလိမ်မဲခိုးမှုတွေကို စနစ်တကျ ကျူးလွန်ဖို့ နည်းပေးလမ်းပြလုပ်ခဲ့ကြလေသလားလို့တောင် သံသယဖြစ်ဖွယ် ရှိပါတယ်။ ဒီလို ဘက်ဂရောင်းရှိလို့လည်း NLD ပါတီအနေနဲ့ မိုးပြိုသည်အထိ စံချိန်တင် အနိုင်ရအောင် မဲလိမ်မဲခိုးမှုတွေ ဂရင်းနစ်စံချိန်တင်သည်အထိ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါလိမ့်မယ်။
အခြေအနေအရပ်ရပ်ကို ပြည်သူများအနေနဲ့ မှန်ကန်စွာ သုံးသပ်တတ်မယ်ဆိုရင်တော့ မြန်မာ့ပြည်တွင်းရေး ကမောက်ကမ ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်နေသော အဓိကတရားခံသည် အမေရိကန်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် မှန်ကန်စွာ ရပ်တည်မယ်ဆိုရင် အမေရိကန်အတွက် အထောက်အပံ့ဖြစ်မယ့် လုပ်ရပ်မှန်သမျှကို စဉ်းစားချင့်ချိန်ပြီး လျော့ချကြရမှာ ဖြစ်ပါတယ်။
အဓိကအားဖြင့် ဒီဂျစ်တယ်ပလက်ဖောင်းတွေပေါ်ကနေ အမေရိကန်ကို ငွေကြေးအထောက်အပံ့ဖြစ်စေတဲ့ လုပ်ရပ်တွေ လျှော့ချကြကြဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးလိုမှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် မီးထိုးပေးနေမှုတွေကို အမျိုးသားအကျိုးစီးပွားအတွက် မှန်ကန်စွာ သုံးသပ်ပြီး လောင်စာဆီကဏ္ဍကိုလည်း ရုရှားနဲ့ ချိတ်ဆက်ဆောင်ရွက်လာသလို နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေမှာ တရုတ်ဘက်ကိုလည်း ယွမ် နဲ့ ကျပ် တိုက်ရိုက် အသုံးပြုနိုင်ဖို့ သဘောတူညီမှုတွေ ရယူခဲ့သလို ထိုင်းနိုင်ငံဘက်မှာလည်း ဘတ် နဲ့ ကျပ် တိုက်ရိုက်ဖလှယ် ရောင်းချဖို့ စီမံဆောင်ရွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှာက ဒေါ်လာနဲ့ ဖလှယ်ရတဲ့ လုပ်ငန်းတွေက ရှိနေတဲ့အတွက် အကြပ်အတည်းကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံများထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်တဲ့ ဂျပန်ရှိနေသေးတယ်ဆိုရင် ဂျပန်-မြန်မာ ကုန်သွယ်ရေးကိုလည်း ယန်း နဲ့ ကျပ် တိုက်ရိုက်ဖလှယ် အသုံးပြုနိုင်ဖို့ စီစဉ်သွားနိုင်ရင် ပိုမိုသင့်တော်မယ်လို့ ထင်ပါတယ်။
Global Times သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်တစ်နိုင်ငံတည်းအပေါ်မှာ မှီခိုနေတဲ့ အခြေအနေကနေ အပြန်အလှန် ထိန်းကျောင်းနိုင်မယ့် ဗဟုဝင်ရိုး ကို ပုံဖော်နေကြပြီ ဖြစ်တယ်။ ဒီအပြောင်းအလဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှိကျင့်ဖျင်တို့က ဦးဆောင်ပုံဖော်နေကြပြီ။ အပြောင်းအလဲတစ်ရပ်ကို မလွဲမသွေ လုပ်ဆောင်နိုင်မှသာ ကမ္ဘာ့နိုင်ငံများကို စစ်တလင်းလို သဘောထားနေတဲ့ အမေရိကန်ရဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးခြယ်လှယ်နေမှုကို ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီအပြောင်းအလဲကို ပြည်သူများအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါလိမ့်မယ်။ အမေရိကန်ရဲ့ ဒီဂျစ်တယ်ပလက်ဖောင်းတွေကို အသုံးပြုပြီး ကြော်ငြာရာမှာလည်း အတိုင်းထက်အလွန် ဒေါ်လာငွေကြေးတွေကို သုံးစွဲတာမျိုး ဆင်ခြင်ကြရပါမယ်။ အထူးအားဖြင့် မြန်မာနိုင်ငံထဲကို စားသောက်ကုန်၊ အလှကုန်၊ စက်ပစ္စည်းများဟာ တရုတ်၊ ထိုင်း၊ ဂျပန်တို့ကနေသာ အဓိက ဝင်ရောက်နေခြင်း ဖြစ်ပါတယ်။ ဒီကုန်ပစ္စည်းတွေကို ကြော်ငြာဖို့ အမေရိကန်ဒေါ်လာကို အသုံးပြုနေကြရပါတယ်။
မြန်မာနိုင်ငံသားအများစုရဲ့ နေ့စဉ်လူမှုစီးပွားဘဝမှာ အမေရိကန်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ facebook ဟာ လွန်စွာ အရေးပါနေတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ လုပ်ငန်းရှင်များဘက်ကလည်း ဒီပလက်ဖောင်းကို အသုံးပြုကြသလို ပြည်သူအများစုကလည်း ဒီပလက်ဖောင်းအသုံးပြုမှုနဲ့ ရင်းနှီးကျွမ်းဝင်နေကြပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့က ပြည်သူအများစုရဲ့ ကြားထဲကို သူတို့ရဲ့ ထုတ်ကုန်၊ ရောင်းကုန် ကြော်ငြာတွေ ပျံ့နှံ့စေဖို့ facebook ကုမ္ပဏီကို ဒေါ်လာပေးသွင်းပြီး ပျံ့နှံ့အောင် လုပ်ဆောင်ကြရပါတယ်။
ဒါကို သတိပြုကြည့်မယ်ဆိုရင် တစ်နေ့ ၅ဒေါ်လာ ပေးသွင်းပြီး ကြော်ငြာတဲ့ လုပ်ငန်းစု ၁၀၀၀ မက ရှိနေနိုင်ပါတယ်။ ကုမ္ပဏီများအနေနဲ့ မိမိတို့ရဲ့ facebook page ကို လူသိများစေဖို့ တစ်နေ့ ၅ဒေါ်လာနှုန်းနဲ့ facebook ကုမ္ပဏီကို ပေးသွင်းမယ့်အစား တစ်လကို (၃)သိန်းကျော်ဖိုးလောက် အခြေခံလူတန်းစားတွေ လိုအပ်နေတဲ့ ပြည်သူတွေကို လှူဒါန်းမယ်ဆိုရင်လည်း မိမိတို့ လုပ်ငန်းကို အကောင်းဆုံး ကြော်ငြာရာ ရောက်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံသားအများစုဟာ အလှူအတန်းအပေါ်မှာ လွန်စွာမြတ်နိုးကြတာဖြစ်လို့ လှူဒါန်းဆောင်ရွက်မှုတွေကို ပြည်သူတွေကြားမှာ အဆင့်ဆင့် ဖြန့်ဝေခြင်းအားဖြင့် မိမိတို့ရဲ့ ထုတ်ကုန်၊ ရောင်းကုန်တွေကို ပြည်သူတွေကြားမှာ ကြော်ငြာပြီးသား ဖြစ်သွားစေပါတယ်။ ပရဟိတလုပ်နေကြသူများကို တစ်နိုင်ငံလုံးက ပြည်သူတွေက သိရှိတာကို သတိပြုမိရင် ဒီလုပ်ငန်းက အမေရိကန်ကို ငွေကြေးတွေ ပေးပို့ကြော်ငြာနေခြင်းထက် ပြည်သူတွေကို ကူညီထောက်ပံ့ပြီး ကြော်ငြာခြင်းက အမျိုးသားအကျိုးစီးပွားကို ရှေးရှုရာ ရောက်ပါလိမ့်မယ်။
facebook တစ်ခုတည်းကိုသာ အလေးထားပြောဆိုလိုခြင်း မဟုတ်ပါဘူး။ လုပ်ငန်းရှင်များအနေနဲ့ import လုပ်နေတဲ့ သွင်းအားစုများကို ဒေါ်လာနဲ့ ပေးချေရတဲ့ အခြေအနေကနေ တိုက်ရိုက်သဘောတူညီမှု ရယူပြီး ဒေါ်လာကို ကြားခံမထားဘဲ တိုက်ရိုက်ငွေကြေးမဖလှယ် တင်သွင်းခြင်းအားဖြင့် မြန်မာပြည်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့ အမေရိကန်ရဲ့ လွှမ်းမိုး ချုပ်ကိုင် ဗိုလ်ကျစိုးမိုးနေမှုကို အမျိုးသားရေးအမြင်နဲ့ ဆန့်ကျင်သွားကြရပါလိမ့်မယ်။ အပြန်အလှန်လေးစားမှုနဲ့ အကျိုးစီးပွား သာတူညီမျှ ရှိတဲ့ မည်သည့်နိုင်ငံမျိုးကိုမဆို ကျွန်ုပ်တို့အနေနဲ့ မိတ်ဖက်အဖြစ် ဆက်ဆံသွားကြပါမယ်။ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်တွင်းရေးကိုပါ ဝင်ရောက်စွက်ဖက်နှောက်ယှက်လာတဲ့ မည်သည့် နိုင်ငံကိုမဆို အမျိုးသားရေးအမြင်နဲ့ လူတန်းစား အလွှာအသီးသီးက ဆန့်ကျင်ကြရပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment