MNP ၊ စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ရွာသစ်ကလေးကျေးရွာ အောင်ချမ်းသာဘုရား ဓမ္မာရုံတွင် ယမန်နေ့နံနက် (၉) နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွာသစ်ကလေးကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေး ဆိုင်ရာကိစ္စများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်ပတ်သက်၍ ပြည်သူများသိသင့်သည့် အချက်များအား ဆွေးနွေးကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံ ပြည်သူ (၃)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရွာသစ်ကလေးကျေးရွာနေ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန် သွေးအုပ်စုဓာတ်ခွဲ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများပါဝင်သော (၄၇)ဦးနှင့် ကျေးရွာပြည်သူ (၁၉၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment