MNP ၊ စက်တင်ဘာ ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် ယခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခု သီတင်းကျွတ် ချိန်ခါသာမယ၌ ကျရောက်မည့် စတုတ္ထအကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ကျေးရွာလုံးကျွတ်စုပေါင်းကာ လာမည့် သီတင်းကျွတ်လဆန်း ၁၄ ရက်(အဖိတ်နေ့)၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပူဇော်ပွဲ ပြုလုပ်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
"ပြီးခဲ့တဲ့နှစ်ကတော့ ကိုဗစ်ကြောင့် အိမ်တိုင်ရာရောက် လိုက်ပြီးထောက်ပံ့တာမျိုးဘဲလုပ်ခဲ့တယ်။ ဒီနှစ်တော့ အခမ်းအနားနဲ့ ကျင်းပမှာပါ။ ပူဇော်ပွဲကျင်းပဖို့အတွက်ကို ကျေးရွာမှာရှိတဲ့ ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ ရပ်မိရပ်ဖတွေက မနေ့က အကြိုညှိနှိုင်းဆွေးနွေးခဲ့တယ်။ နှစ်စဉ်ကျင်းပနေကျအတိုင်းဘဲ အဖိတ်နေ့မှာ လုပ်သွားမှာပါ ။ ရွာက ငယ်ပေမယ့် ရွာသူရွာသားတွေ ညီညီညွတ်ညွတ်နဲ့ အစဉ်အလာမပျက် ဒီပူဇော်ပွဲအောင်မြင်အောင် ကြိုးစားသွားကြမှာပါ" ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ကျေးရွာအတွင်းရှိ သက်ကြီးရဟန်းတော်များနှင့် ဘိုးဘွားများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များအား လေးစားကြည်ညိုသည့် အနေဖြင့် အာယုဒါန၊ အဟာဒါနများအတွက် ရည်ရွယ်ကာ အလှူငွေများ၊ လှူဒါန်းဖွယ်ရာပစ္စည်းများတို့ဖြင့် ပူဇော်ကန်တော့သွားမည်ဖြစ်ပြီး ယခုနှစ်တွင် ကျေးရွာအတွင်းရှိ အသက် ၈၀ နှစ်နှင့် အထက် သက်ကြီးရဟန်းတော် ၄ ပါးနှင့် ဘိုးဘွား ၃၉ ဦးတို့အား ဒုံဝန်းကျေးရွာရှိ ဘုရားငါးဆူဓမ္မာရုံ၌ ရွာသူရွာသားများစုပေါင်းကာ အခမ်းအနားဖြင့် အစဉ်အလာမပျက် ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment