စံပြ အုပ်ချုပ်ရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စံပြ အုပ်ချုပ်ရေး





ကျွန်တော်တို့ အခြေခံလူတန်းစား ပြည်သူဆိုတာ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပုဂ္ဂိုလ်တွေနဲ့တောင် ထိတွေ့မှု မရှိပါဘူး။ ဒီထက်မြင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆို သာလို့ဆိုးတာပေါ့။ တိုင်းအဆင့်/ ပြည်နယ်အဆင့် ပုဂ္ဂိုလ်တွေဆိုရင် ပိုဆိုးတာပေါ့။ ယာယီတာဝန်ယူ ဆောင်ရွက်နေရတဲ့ အစိုးရဖြစ်လို့၊ ပြည်လည်တည်ဆောက်နေရတဲ့ အစိုးရဖြစ်လို့ ပြည်သူနဲ့ ထိတွေ့မှု မရှိတာမျိုးက မဖြစ်သင့်ပါဘူး။ ဒီလို ကာလမျိုးမှာ နိုင်ငံတော်က ပြည်သူများအပေါ် ကျောသားရင်သား မခွဲခြားဘဲ တိုင်းသူပြည်သားအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး ဆောင်ရွက်နေတဲ့အချိန်မှာ နားလည်မှု လွဲနေတဲ့ ပြည်သူတွေ၊ လမ်းမှားရောက်နေတဲ့ ပြည်သူတွေ၊ ဆဲဆို ကျိန်ဆဲသည်အထိ နိုင်ငံရေးမှိုင်းမိနေတဲ့ သူတွေ အသိမှန် အမြင်မှန် ရအောင် တာဝန်ရှိသူများအနေနဲ့ ပိုမိုထိတွေ့ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။


အခုအချိန်မှာ ကျွန်တော်တို့တွေက သတင်းမီဒီယာကဏ္ဍမှာ ရပ်တည်ဆောင်ရွက်နေတဲ့အတွက် ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေနေတွေကို အခြားသူတွေက်ထက်ပိုသိရတယ်။ အထူးသဖြင့် ကျွန်တော်တို့အနေနဲ့က အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံပြီး ရေးသားနေခြင်း မရှိဘူး။ အကြမ်းဖက်ခံနေရတဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်တယ်။ ကိုယ့်ကိုယ်လည်း အကြမ်းဖက်ဝါဒီတွေက ပစ်မှတ်ထား လှုံ့ဆော်ခဲ့တာတွေ ရှိတယ်။ သို့ပေသော် ကျွန်တော်တို့ ရပ်တည်နေသည့် နယ်ပယ်သည် ကိုယ့်အကျိုးကို ရှေ့တန်းတင်ပြီး ပြောဆိုလုပ်ကိုင်ရတဲ့ နယ်ပယ်မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များကဲ့သို့ပင် အစိုးရနဲ့ ပြည်သူကြားမှာ ပေါင်းကူးပေးရတဲ့ နယ်ပယ်ဖြစ်နေပါတယ်။ 


အစိုးရအပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ချက်တွေ ကနေစပြီး ဝန်ကြီးဌာနအသီးသီးက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့များရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဆင့်ဆင့်ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်များ ကို စောင့်ကြည့်လေ့လာရတယ်။ ပြည်သူတွေ သိရှိအောင် ပြန်လည်ဖော်ပြပေးတယ်။ ထို့အတူပဲ ပြည်သူတွေကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်တွေကို တာဝန်ရှိသူများ အချိန်နှင့်တပြေးညီ ကာကွယ်မှုပေးနိုင်ရန် လက်လှမ်းမီသမျှ သတင်းရယူ ဖော်ပြပေးတယ်။ အချို့သော နေရာဒေသတွေမှာ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို အလေးထား ကာကွယ်မှုပေးတယ်။ တချို့သော နေရာတွေမှာ တာဝန်သိပြည်သူတွေက ချိတ်ဆက်သတင်းပေးလို့တောင် အလုပ်မလုပ်ဘူး။ သတင်းပေးတဲ့သူကိုတောင် ပြဿနာပြန်ရှာတာမျိုး ကြုံခဲ့ရတဲ့အခြေအနေတွေလည်း ရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးဟောင်း တစ်ဦးက ပြောဖူးတယ်။ ဘယ်ကိစ္စမှာ မဆို အားသာချက်နဲ့ အားနည်းချက်ဆိုတာ ရှိတာချည်းပဲ။ အများပြည်သူအတွက် ကောင်းကျိုးများမယ့် ကိစ္စဆိုရင် လုပ်ကို လုပ်ရမယ်လို့ ဆိုတယ်။ ဒီစကားနဲ့ ခပ်ဆင်ဆင်ပါပဲ NLD အစွန်းရောက်တွေက ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်လာပြီဆိုကတည်းက NLD ဦးဆောင်သူ၊ NLD ထောက်ခံသူတွေအားလုံးကို သိမ်းကြုံးပြီး မပြောပါဘူး။ ဘယ်အဖွဲ့အစည်းမှာ မဆို လူဆိုးရှိတယ်။ လူကောင်းရှိတယ်။ ပြည်သူ့အကျိုးကို ကြည့်တဲ့သူ ရှိတယ်။ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာမယ့်သူရှိတယ်။ ရာထူးအာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုး ရှာလား၊ မရှာလား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က စပြီး အဂတိနဲ့ တရားစွဲခံရတယ်ဗျာ။ NLD အစိုးရလက်ထက် က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် အသီးသီး၊ ဝန်ကြီးဌာနများက ပြည်ထောင်စုဝန်ကြီး အများစု အဂတိမကင်းကြဘူးဗျာ။ အဂတိနည်းနည်း ရှိတာကို အပြစ်မတင်ပါဘူး။ သိန်းပေါင်း ထောင်ချီ၊ သောင်းချီ အဂတိလိုက်စားခဲ့တာတွေက မလွန်လွန်းဘူးလား။

အဲဒီလူတွေက သူတို့ အတိုက်အခံဘဝမှာ ရှိစဉ်က တပ်မတော်အစိုးရ၊ ဦးသိန်းစိန်အစိုးရ အစိုးရအဆက်ဆက် က ဦးဆောင်သူတွေကို သူခိုးလို့ လက်ညှိုးထိုးခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ သူများကို သူခိုးလို့ လက်ညှိုးငေါက်ငေါက် ထိုးခဲ့တဲ့သူတွေအနေနဲ့ စံပြဖြစ်အောင် မခိုးဘဲ လုပ်ပါလား။ သူများကို သူခိုးလို့ ပါးစပ်က ပြောပြီး ကိုယ်တိုင် ခိုးတာကို မြိုသိပ်နေခဲ့ကြသူတွေ။ ကိုယ့်စကားကို ကိုယ်တိုင် အလေးမထားတဲ့ အခါကြတော့ ချက်ချင်းဝဋ်လည်တယ်။ သူများကို တစ်ချောင်းထိုးရင် ကိုယ့်ဘက် လေးချောင်းပြန်ထိုးနေတယ်ဆိုတာ လိုမျိုး ဖြစ်ခဲ့တယ်။ သူများ မျက်ချေးသာ မြင်ပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့သူတွေ ဖြစ်ခဲ့တယ်။

ဒါကြောင့် နစက အစိုးရအပြောင်းအလဲ ဟိုက ဒီက အဂတိအသံလေးတွေ ထွက်လာတော့ ရှေ့ကလူတွေကို အတုမခိုးကြပါနဲ့။ သင်ခန်းစာယူပြီး ဆင်ခြင်ကြပါလို့ အကြိမ်ကြိမ် အခါခါ ပြောခဲ့ပါတယ်။ အများပြည်သူအပေါ် ဂုပ်သွေးစုပ် အမြတ်ထုတ်ပြီး ရှာစားရင် စားရတဲ့ သူအတွက်လည်း အဆိပ်ဖြစ်တယ်။ ရှာတဲ့သူအနေနဲ့လည်း လောဘကြောင့်သာ ရလိုမှုတစ်ခုအတွက် လုပ်လိုက်ရတယ်။ လိပ်ပြာမလုံဘူး။ ကိုယ်မဟုတ်တာ လုပ်ထားတာကို ဖော်မယ့်သူဆိုရင် ရန်လိုနေပြီ။

နစက အစိုးရလက်ထက် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှာ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို စံပြ အဖြစ် ရှုမြင်မိတယ်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း ပါတယ်။ တပ်မတော်သားတွေလည်း ပါတယ်။ အခြားသော ဌာနဆိုင်ရာ တာဝန်ရှိသူတွေလည်း ပါတယ်။ ကျေးရွာအုပ်စုတွေကို ဆင်းတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မေးမြန်းတယ်။ မိမိတို့ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းတယ်။ စဉ်းကူးမြို့နယ်အတွင်းမှာ PDF အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့ ကြားက ဒီလို လုပ်ဆောင်ခဲ့ကြတယ်။ အခုနောက်ပိုင်း အကြမ်းဖက်လုပ်ရပ်တွေ မကြားရတော့ဘူး။ ပြည်သူနဲ့ အုပ်ချုပ်သူ ထိတွေ့ဆက်ဆံမှု ရှိတဲ့အခါကြတော့ နားလည်မှု ရလာတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံအားပေးနေတဲ့သူတွေတောင် မိမိတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအပေါ် ဆင်ခြင်လာကြတယ်။ အကျိုးရလာဒ်ကောင်းထွက်တယ်။

ဒီလိုမျိုးဆောင်ရွက်သင့်တဲ့ အခြေအနေကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ က ဆရာတော်ဦးဝါသဝထံ သွားခဲ့စဉ်ကတည်းက အတွေးပေါ်ခဲ့တယ်။ ဆရာတော်ဟာ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ မြို့နယ်တွေထဲက ကျေးရွာတွေကို လှည့်လည်ပြီး ကိုယ့်ရွာသူ ရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်တာတွေ မလုပ်ကြဖို့၊ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့သူတွေကို ကျေးရွာထဲမှာ မထားဖို့၊ အကြမ်းဖက်အန္တရာယ်ကို ညီညီညွတ်ညွတ်နဲ့ ကာကွယ်ကြဖို့ လိုက်လံဟောပြောစည်းရုံးခဲ့တာပဲ။ ရွာသူ/ရွာသားတွေ လိုအပ်တဲ့ အကူအညီကို သူချိတ်ဆက်နိုင်သမျှ ကြိုးစားဆက်သွယ်ပြီး အကူအညီ ရအောင် ဆောင်ရွက်ပေးခဲ့တယ်။ ကျွန်တော်တို့ ၂ရက်တာ ရောက်သွားတော့လည်း ခရီးရောက်မစိုက် တန့်ဆည်မြို့နယ်ထဲက ကျွန်းလည်၊ ကဘဲ၊ ညောင်ပင်ကြီးကျေးရွာတွေမှာ သွားဟောပြောရတယ်။ တစ်ညနေတည်း ၃နေရာ ရောက်တယ်။ နောက်နေ့ ကန့်ဘလူမြို့နယ်ထဲက တောက်ကရှပ်၊ တန့်ဆည်မြို့နယ်ထဲက မူးတိမ်၊ မူးခွ၊ အင်ဘတ်တောကျေးရွာတွေမှာ ဟောပြောရတယ်။ ပြည်သူ့စစ်ဖွဲ့စည်းလို့ မရခဲ့တဲ့ အင်ဘတ်တောက အဲဒီလို ဟောပြောရှင်းပြပြီးတဲ့အချိန်မှာ ပြည်သူ့စစ်အင်အား အများဆုံး ရခဲ့တယ်။

ဒီလိုမျိုးအလုပ်ကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရပ်ကျေးက ဆရာတော်ဦးဝါသဝတို့လို တာဝန်သိ ခေါင်းဆောင်သူတွေနဲ့ ပူးပေါင်းလိုက်ရင် တည်ငြိမ်အေးချမ်းမှု ရဖို့ ပိုပြီး မလွယ်ကူဘူးလား။ လေလှိုင်းပေါ်က လူသတ်သမားတွေကတော့ ဆရာတော်ဦးဝါသဝ ကို ခေါင်းဖြတ်တော့မှာ၊ ဆရာတော့်ကျောင်းကို ဝင်တိုက်တော့မှာ အမျိုးမျိုး ရေးသားဖြန့်ဝေနေကြတာပဲ။ အဲဒါတွေကိုသာ ဆရာတော် ကြောက်နေမယ်ဆိုရင် ကျောင်းထဲက ကျောင်းပြင်တောင် ထွက်ဝံ့မှာ မဟုတ်ဘူး။ နစကအစိုးရတက်လာပြီး NLD အစွန်းရောက်တွေ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတဲ့ ကာလမှာ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကူညီကယ်တင်ဝံ့တဲ့ ဆရာတော်ဆိုလို့ တစ်နိုင်ငံလုံးမှာ အဲဒီတစ်ပါးပဲ ရှိတယ်လို့တောင် ပြောလို့ ရတယ်။ တချို့နေရာတွေ လက်ခံတော့ထားပါတယ်။ လက်ခံထားကြောင်း အသံမထွက်ရဲဘူး။ PDF ကို ကြောက်ရလို့ပါ။

ဆရာတော်ဦးဝါသဝ ဆောင်ရွက်တဲ့ ပုံစံမျိုး စဉ်းကူးမြို့နယ်က တာဝန်ရှိသူတွေက လုပ်ဆောင်လာတဲ့အခါကြတော့ ပိုပြီး အောင်မြင်တာပေါ့။ ဆရာတော်က လေနဲ့ စည်းရုံးရတာ။ ရွာသူ/ရွာသားတွေရဲ့ လိုအပ်ချက်တွေကို မေးမြန်းခဲ့ရတယ်။ ကူညီပေးနိုင်မယ့် ပုဂ္ဂိုလ်တွေကို ကူညီပေးနိုင်မလား ပြန်မေးရတယ်။ ကူညီမပေးနိုင်ရင် ဆရာတော်က ကြားထဲက မျက်နှာပူရသေးတယ်။ မြို့နယ်စီမံအုပ်ချုပ်ရေး၊ တပ်မတော်တာဝန်ရှိသူများ ပူးပေါင်းပြီး ကွင်းဆင်းတဲ့အခါကြတော့ ကျန်းမာရေး လိုအပ်ချက်အတွက်လည်း တပါတည်း ခေါ်ဆောင်သွားနိုင်တယ်။ ဆရာတော်သံဃာတော်တွေကို လှူဒါန်းထောက်ပံ့ဖို့လည် တခါတည်း စီစဉ်သွားနိုင်တယ်။ နိုင်ငံသားစိစစ်ရေးကဒ် လုပ်ပေးဖို့ လိုအပ်နေတာတွေလည်း တပါတည်း လုပ်ဆောင်ပေးနိုင်တယ်။ ပြည်သူတွေ လိုအပ်နေတာ အဲဒါလေ။ ကျန်းမာရေးအတွက် ဆေးရုံသွားရ။ မပြည့်စုံတော့ မသွားနိုင်။ မှတ်ပုံတင် တခါလုပ်ဖို့ ရုံးကို အခေါက်ခေါက်အခါခါသွားရ။ ငွေကုန်ကြေးကျကများ။ အခုလို တခါတည်း အပြီးအပြတ် သံသရာမရှည်ဘဲ ရတဲ့ Service ကို ပြည်သူတွေက လိုချင်တာ။ ဟောက်တာလည်း မခံချင်ဘူး။ ခြောက်တာလည်း မခံချင်ဘူး။ ညှစ်တာလည်း မခံနိုင်ကြတော့ဘူးပေါ့ဗျာ။ စဉ်းကူးမြို့နယ် အုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေက ဒီလိုကာမျိုးမှာ စံပြဖြစ်တယ်လို့ မှတ်ယူပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆိုရင် ထူးထူးခြားခြား စံပြဖြစ်တာကို ပြောရရင်တော့ ရခိုင်ပြည်နယ်ပါပဲ။ ရခိုင်ပြည်နယ်မှာ AA အဖွဲ့က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ရှိလို့ တိုက်ခိုက်မှုတွေ ဖြစ်တာက လွဲရင် ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ မရှိဘူး။ ရခိုင်တွေရဲ့ အမျိုးသားရေးစိတ်ဓာတ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရခိုင်ပြည်သူတွေ နစ်နာခဲ့ရတဲ့အတွက် NLD ပါတီကို အစွန်းရောက် အားပေးတဲ့သူလည်း မရှိဘူး။ ဒေါ်စုတောင် ရခိုင်ပြည်မသွားရဲဘူး။ သွားတော့လည်း ရခိုင်ပြည်သူတွေနဲ့ မတွေ့ရဲဘူး။ ဆိုတော့ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို အလေးထား ဆောင်ရွက်နိုင်တယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထက် ပိုပြီး စံပြဖြစ်အောင် ဆောင်ရွက်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် အုပ်ချုပ်ရေးပိုင်းမှာ စံပြအနေနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေတွေကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်များ၊ ဒေသဆိုင်ရာ သတင်းများကို အခြေခံပြီး တင်ပြခြင်း ဖြစ်ပါတယ်။ 

အစိုးရတစ်ရပ်အနေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မည်မျှပင် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး မူဝါဒတွေ ချမှတ်နေစေကာမူ ပြည်သူနဲ့ တကယ်ထိတွေ့ဆက်ဆံသူတွေက နိုင်ငံတော်ရဲ့ မူဝါဒတွေကို တကယ်အလေးထားမှသာ အောင်မြင်မှု ရတာပါ။ နစက ရဲ့ မူဝါဒတွေ သတ်မှတ်ကာအတွင်းမှာ အောင်မြင်မှု မရဘူးဆိုတာ ယန္တရားမှာ ပြဿနာတွေ ရှိနေတဲ့ သဘောကို မြင်သာစေပါတယ်။ ဒါတွေကို ပြန်လည်သုံးသပ်မိကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူတွေလည်း မိမိတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် မိမိတို့ ကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

စာရေးသူကတော့ ဘယ်သူ့ ဘယ်သူကိုမှ ပြစ်တင်ပြောဆိုခြင်း မလုပ်တော့ပါဘူးဗျာ။ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ဥပဒေ ပုဒ်မ (၃၄၇) ပါ ပြဋ္ဌာန်းချက်အတိုင်း မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေအောင်၊ ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှ ရရှိအောင် ဆောင်ရွက်ပေးနေတဲ့ မည်သည်ပုဂ္ဂိုလ်ကို မဆို လေးစားသမှုနဲ့ ဂုဏ်ပြုရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ဥပဒေလက်တစ်လုံးခြား လုပ်ပြီး နစ်နာဆုံးရှုံးနေရတဲ့ ပြည်သူတွေကို ပိုမိုနစ်နာဆုံးရှုံးအောင် ကိုယ်ကျိုးအတွက်၊ သူတစ်ဦး၏ အကျိုးအတွက် လုပ်ဆောင်နေသူတွေကိုလည်း တာဝန်အရ ရေးသားဖော်ထုတ်တင်ပြနေမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)