မင်းဘူး(စကု)မြို့နယ်၌ ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃၃၀၀၀ ကျော် စိုက်ပျိုးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃၃၀၀၀ ကျော် စိုက်ပျိုးသွားမည်



MNP - စက်တင်ဘာ  ၃၀


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်စေရေးတို့အတွက် ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃၃၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။


မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆောင်းနေကြာသီးနှံကို မိုးကုန်ခါနီးအချိန် နောက်ပိုင်းမိုးဖြင့် အများဆုံးစိုက်ပျိုးကြပြီး ရေဆင်းစပ်မျိုး၊ ဆင်းရွှေကြာ(၂)နှင့် အိန္ဒိယမျိုးများကို အများဆုံး ရွေးချယ်စိုက်ပျိုးလေ့ရှိကြောင်း ဆင်ခေါင်းကျေးရွာ နေကြာစိုက်တောင်သူများထံမှ သိရသည်။


ဆောင်းနေကြာစိုက်ပျိုးရာတွင် မျိုးစေ့လုံလောက်မှုရှိစေရေးအတွက် မိုးနေကြာစိုက်ပျိုးချိန်၌ မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ၆၅၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသအတွင်း နေကြာမျိုးစေ့များကို ကြိုတင် ဖြန့်ဖြူးပေးထားကြောင်း၊ ဆောင်နေကြာသီးနှံကို အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများအတွက် နိုင်ငံတော်အစိုးရက ဆောင်းနေကြာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးထားသည့်အပြင် ယူရီးယာ ဓါတ်မြေဩဇာကို နှစ်ဧက တစ်အိတ်နှုန်းဖြင့် လစဉ်ခွဲတမ်းအလိုက် မြို့နယ်ဓါတ်မြေဩဇာဖြန့်ဖြူး ရောင်းချရေးအဖွဲ့၏ သတ်မှတ်ဈေးနှုန်းအတိုင်း ၃၅၅၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး စိုက်ပျိုးရေး ဝန်ထမ်းများကြီးကြပ်၍ စက်တင်ဘာလအတွက် ယူရီးယာဓါတ်မြေဩဇာ ၁၁၆၀ အိတ်ကို ဖြန့်ဖြူးပေး ထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။


မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် မိုးနေကြာကို သီးသန့်/သီးညှပ် ၆၅၇၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃၃၅၀၄ ဧကအထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဧက ၃၀ ကိုလည်း ထည့်သွင်းစိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)